လွှတ်တော်လေ့လာရေးခရီးစဉ်အသွား ကရင်နီပြည်လူငယ်အဖွဲ့ ကားတိမ်းမှောက်၍ တစ်ဦးသေ

လွှတ်တော်လေ့လာရေးခရီးစဉ်အသွား ကရင်နီပြည်လူငယ်အဖွဲ့ ကားတိမ်းမှောက်၍ တစ်ဦးသေ
by -
ကန္တာရဝတီတိုင်းမ်

ကရင်နီပြည်လူငယ်များသမဂ္ဂအဖွဲ့ UKSY ကျောင်းသူကျောင်းသားများနှင့် ၀န်ထမ်းများလိုက်ပါ စီးနင်း လာသော ရွှေကယား ခရီးသည်တင်ယာဉ် တိမ်းမှောက်၍ လူတစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ သွားကြောင်း သိရသည်။

UKSY ကျောင်းသူကျောင်းသားများ လွှတ်တော် အစည်းအဝေးသို့ လေ့လာရန် ၂၆ရက်နေ့ ညနေ ၃နာရီ း၃၀ မိနစ်အချိန်တွင် ကယားပြည်နယ်လွိုင်ကော်မြို့မှ ပေါင်းလောင်းလမ်း အတိုင်း နေပြည်တော်သို့ ထွက်ခွါ လာသော ရွှေကယားမှန်လုံကားသည် မိုင်တိုင်အမှတ် တပ်ကုန်းမှ ၅မိုင် ၆ ဖါလုံ အလိုတွင် ဘရိတ်ပေါက်ကာ တိမ်းမှောက်သွားခြင်းဖြစ်သည်။

“အခုလောလောဆယ်ကတော့ တယောက်ကတော့ဆုံးသွားတယ်ပေါ့နော။ ပြီးတော့မှ ဆယ်ယောက်ဝန်း ကျင်လောက်တော့ ထိခိုက်ဒဏ်ရာရတဲ့ဟာ က သိပ်မစိုးရိမ်ရဘူးပေါ့။ နည်းနည်းပါးပါးထိခိုက်ပွန်းပဲ့ မိတဲ့ဟာတွေပေါ့နော။ တချို့ ထက်ဝက်ကျော်ကတော့ ခြေထောက်တွေကျိုးတာတွေ လက်တွေကျိုးတာတွေ အဲလိုဖြစ်တယ်လို့တော့ ပြောတယ်။” လို့ UKSY မှအဖွဲ့ဝင် မအယ်ဗာလင်းကပြောသည်။

လက်ရှိတွင် ခရီးသည်လူနာများကို နေပြည်တော်တပ်ကုန်း ကုတင် တရာ ဆေးရုံတွင်းဆေးကုသမှုခံယူစေပြီး ဒဏ်ရာပြင်းထန်သည့် ကားမောင်းသမားနှင့် ခရီးသည်၂ ဦးကို နေပြည်တော် ကုတင်တထောင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းဆိုသည်။

“သူတို့က ရွှေကယားကားကို စင်းလုံးငှား ပြီးမှသွားကြတယ်။ မနက်ခုနှစ်နာရီစထွက်တာပေါ့။ စထွက်ပြီးမှ အဲ့မှာ အားလုံး ၃၄ ယောက်ပါတယ်။ ကျောင်သူကျောင်းသားနဲ့ဝန်ထမ်းတွေစုစုပေါင်းပေါ့နော။ အဲဒါနဲ့ပဲ ၃နာရီ ၄၇ မိနစ်မှာ အဲ့ဒီကားမှောက်သွားတယ်ဆိုတဲ့သတင်း အစ်မဆီမှာ တိုက်ရိုက်ဝင်လာတယ်။ ” ဟု မအယ်ဗာလင်းကဆက်ပြောသည်။ှ

အခင်းဖြစ်ပွားစဉ်သေဆုံးသွာသော သူမှာ ကယားပြည်နယ်ဒီးမောဆိုမြို့နယ် ဒေါငံခါးကျေးရွာ ရပ်ကွက် ၂ တွင်နေထိုင်သူ ပေါလု(၂၀ကျော်) ဖြစ်ပြီး UKSY တွင် အလုပ်သင် ၀န်ထမ်းတစ်ဦးဖြစ်ကြောင်းသိရသည်။

နေပြည်တော် လွတ်တော် အစည်းဝေးသို့ သွားရောက်လေ့လာရန် တာဝန်ရှိသူထံမှ ခွင့်ပြုချက်ရယူပြီး. UKSY မှ ဦးဆောင်ကာ ၀န်ထမ်းများ၊ သင်တန်းမှ ကျောင်းသူကျောင်းသားများ ကရွှေကယား ခရီးသည်တင် ယာဉ်ဖြင့် နေပြည်တော်သို့ထွက်ခွာသွားစဉ် ယခုကဲ့သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။