ပန်းရောင်ကုလားထိုင်လေးပေါ်တွင် ထိုင်နေသည့် ကလေး မလေးသည် ခေါင်းကိုငုံ့ရင်း အဆက်မပြတ်ခါယမ်း လျက်ရှိသည်။
သူ့ခေါင်းသည် သာမန်ကလေး ငယ်တစ်ယောက်၏ ခေါင်းထက် နှစ်ဆနီးပါးခန့်ကြီးနေသည်။ ဘယ်ဘက် ပါးစောင်ရိုးနားမှ လက်မဝက်ခန့် တွဲကျနေသော အသားပိုလေးနှင့် ပါးကလည်း ခေါင်းနှင့်အတူ ယမ်းခါနေသည်။
ဘေးနားတွင် ၀ုိင်းရံနေသူများကို လုံးဝစိတ်မဝင်စားသော အမူအရာဖြင့် ခေါင်းကို ငုံ့ရင်း ဖြည်းညင်းစွာဖြင့် မနားတမ်း ခါရမ်းလျက် ရှိသည်။
“သူ့မျက်လုံးတွေက မမြင်ရတော့ဘူးလေ” ဟု အသက် ၄၀ ကျော်ခန့်ရှိ အမျိုးသမီးကြီးတစ်ဦးက ဆိုသည်။
အပြာရောင် အင်္ကျီ ဝတ်ဆင်ထားသည့် ခပ်လတ်လတ် အသားရောင်ရှိသည့် ထိုအမျိုးသမီးသည် သူများ တကာထက် ခေါင်းကြီးနေရှာသည့် ကလေးငယ်၏ မိခင်ဖြစ်သည်။
နန်းရွှေဥ အမည်ရှိ ထိုကလေး၏ မိခင်အမည်မှာ နန်းနုနုစိန်ဖြစ်ပြီး သျှမ်းမျိုးနွယ်စုဝင် တိုင်းလေအမျိုးသမီးတစ်ဦးဖြစ် သည်။
၎င်းတို့မိသားစုသည် လက်ရှိတွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့အနီးရှိ သာဂရ ဒုက္ခသည်စခန်းတွင်နေထိုင်သည့် စစ်ပြေး ရှောင် ဒုက္ခသည် ဖြစ်သည်။
အသက် ၈ နှစ်ရှိပြီဖြစ်သော နန်းရွှေဥသည် မွေးရာပါ ခေါင်းကြီးနေသည့်အပြင် ဦးခေါင်း၏နောက်တွင် အကျိတ်လုံး သဏ္ဍာန်ရှိသည့်အသားပို တစ်လုံးပါလာခဲ့ကြောင်း ဒေါ်နန်းနုနုစိန် ကပြောသည်။
အသားပိုကို ၂၀၁၂ ခုနှစ်က ရန်ကုန်မြို့သို့ သွားရောက်ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ကြောင်း ၄င်းကပြောသည်။
“သူ့ကို မူကြိုတက်စေချင်လို့ ခေါင်းနည်းနည်းလှသွားအောင် သွားခွဲလိုက်ကာမှ မျက်စိမမြင်ဖြစ်သွားတယ်”ဟု မိခင်ဖြစ်သူက ဆိုသည်။
ခွဲစိတ်မှုအပြီး ဒုက္ခသည်စခန်းသို့ ပြန်ရောက်ပြီးနောက် လအနည်းငယ်အကြာတွင် မျက်စိကွယ်သွားကြောင်း သူက ဆိုသည်။
ဒုက္ခသည် စခန်းမှပေးသော ရိက္ခာအထောက်အပံ့ဖြင့် အသက်ရှင်သန်နေရသော သူတို့မိသားစု အတွက် ကလေးကို ဆေးထပ်မံမကုသနိုင်တော့ကြောင်း သူကဆိုသည်။
ဘယ်ဘက် ပါးပြင်ပေါ်မှ လိမ့်ကျနေသည့် မျက်ရည်စကို မသိမသာ ဖယ်ရှားပစ်ပြီး နန်းနုနုစိန်က သူ့ကလေးကို စောင်းငဲ့ကြည့်လိုက်သည်။
“သူ့အဖေက နောက်မိန်းမ ထပ်ယူသွားပြီလေ” ဟု စိတ်ထိခိုက်စွာဖြင့် ဒေါ်နန်းနုနုစိန် ကပြောသည်။
နန်းရွှေဥ အပါအဝင် ကလေး ၅ ယောက်၏ မိခင်ဖြစ်သည့် သူ့အတွက် ကလေး ကျောင်းစရိတ်၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ အသုံးစရိတ်များအတွက် တစ်ခုတည်းသော ဝင်ငွေရလမ်းက ပယင်းသွေးခြင်းဖြစ်သည်။
ပယင်းမှော်များပိတ်ထားသဖြင့် ကုန်ကြမ်းစျေးကြီးပြီး ကုန်ချောစျေးတက်နေသဖြင့် ပယင်းလုပ်ငန်းမှ ဝင်ငွေက လည်း မိသားစုအတွက် မလုံလောက်ဖြစ်နေကြောင်း သူကဆိုသည်။
အစိုးရစစ်တပ်နှင့် ကချင်လွှတ်မြောက်ရေးတပ်မတော်တို့ ဖြစ်ပွားသည့် စစ်ပွဲမတိုင်ခင်က သူသည် မြစ်ကြီးနား-လိုင်ဇာ လမ််းပေါ်ရှိ တဘာရန်ရွာတွင် နေထိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးသည်ဟု သူကဆိုသည်။
ထိုစဉ်က စီးပွားရေးအဆင်ပြေပြီး ချောင်ချောင်လည်လည် နေနိုင်ကြောင်း သူကဆိုသည်။
၂၀၁၁ ဇွန်လ ၁၅ ရက် မနက် ၃ နာရီခန့်က သူတို့မိသားစု နေထိုင်ရာကျေးရွာလေးကို ပြည်တွင်းစစ်မီးလျံက ရုတ်တရက် ကူးစက်လာခဲ့သည်။
တစ်ရွာလုံးအထုပ်ကိုယ်စီနှင့် တောထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း ဒေါ်နန်းနုနုစိန်ကဆိုသည်။
“ပေါက်ပေါက်ဆုပ် လှော်လိုဘဲ” ဟု သူတို့ထွက်ပြေးရပုံကို ပြန််လည်ပြောပြသည်။
“သူ့ကိုချီပြီးပြေးရတာ ပုခုံးတောင်သွေးထွက်တယ် သူ့ခေါင်းကကြီးလို့” ဟုဆိုကာ သမီးငယ် နန်းရွှေဥကိုကြည့် ရင်း သူကဆိုသည်။
ထိုစဉ် ကလေးက ကိုင်ထားသည့် မုန့်ထုပ်ကို လက်နှစ်ဘက်ဖြင့် ကိုင်ပြီးလှုပ်ရမ်းနေသည်။
အလင်းရောင်မရှိသော အခန်းတွင်းတွင် ကင်မရာမီးရောင် တဖြတ်ဖြတ် လက်သွားသည့်အခါမျိုးတွင် မူ နှုတ်ခမ်းတို့က ပြုံးရင်းလက်တို့ကို မြှောက်ကာ ခါရမ်းနေတတ်သည်။
နန်းရွှေဥသည် သျှမ်း၊ ကချင်၊ ဗမာ စကားသုံးမျိုးလုံးကို ပီပီသသပြောနိုင်ပြီဖြစ်သော်လည်း လွန်ခဲ့သည့်နှစ်နှစ်က ကွယ်သွား သည့် မျက်လုံးဝေဒနာကြောင့် ကျောင်းမတက်ရရှာပေ။
ကံကြမ္မာကြောင့် ဝေဒနာခံစားနေရသည့်ကြား စစ်ဘေးစစ်ဒဏ် ခံစားရသော မိသားစုမှ ပေါက်ဖွားခဲ့ သော နန်းရွှေဥ အတွက် ဆေးကုသရန် အခွင့်အရေးက အလှမ်းဝေးနေသည်။
ဆေးကုသရန် မျှော်လင့်ချက်မရှိတော့သည်နှင့်ပတ်သက်၍ “သွားရအောင်လည်း ပိုက်ဆံကသိပ်မရှိတော့” ဟု ဒေါ်နန်းနုနုစိန်က ဆိုသည်။
လက်ရှိအချိန်တွင် ကလေး၏ ကျန်းမာရေးထက် ဦးစားပေးနေရသည့်အရာမှာ မိသားစု အခြေတကျနေထိုင် ရန် နေရာလေးတစ်ခုနှင့် ဘဝရှင်သန်ရပ်တည်ရေးအတွက် လုပ်စရာအလုပ်တစ်ခုဖြစ်ကြောင်း စို့တက်ဝိုင်းလာသည့် မျက်ရည် ကြောင့် မျက်လုံးအစုံကို လက်ဖျားဖြင့်တို့ထိသုတ်ရင်း သူက ဆိုသည်။
“အဖြစ်ချင်ဆုံး ဆန္ဒက နေလို့ရမယ့် နေရာလေးတစ်ခုပါ”ဟု ကလေးငယ်ကို စိုက်ကြည့်ရင်း ဒေါ်နန်းနုနုစိန်က ဆိုသည်။