သစ်တောကြိုးဝိုင်းနှင့် ထိစပ်နေသော တစ်နိုင်ငံလုံးရှိ မြေဧက ငါးသိန်းကျော်ကို သစ်တောမြေများ အဖြစ်မှ ဖယ်ရှားပြီး မြို့ရွာ၊ ကျေးရွာအဖြစ် ပြန်ပေးတော့မည်ဟု သစ်တောဦးစီးဌာန၊ စီမံကိန်းဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မောင်သန်းက မဇ္စျိမကိုပြောသည်။
မြန်မာတစ်နိုင်ငံလုံးတွင် သစ်တောမြေနှင့် ထိစပ်ပြီး ကျူးကျော်ကဲ့သို့ ဖြစ်နေသော မြေဧက ငါးသိန်းကျော် ကျန်ရှိနေသေးရာ ယင်းတို့ထဲတွင် ကျေးရွာမြေ၊ သာဿနာ့နယ်မြေနှင့် လယ်မြေတို့ ပါဝင်သည်။ အဆိုပါမြေများ အားလုံး၏ စာရင်းအတိအကျကို၂၀၁၄ နှစ်ကုန်တွင် အပြီးကောက်ရန် ရည်ရွယ်ထားသောကြောင့် ၂၀၁၅ မတ်လတွင် ရာနှုန်းပြည့် ပြန်လည်ပေးအပ်နိုင်ရန် မျှော်မှန်းထားသည်ဟု ၎င်းကဆိုသည်။
ဦးတင်မောင်သန်းက “သစ်တောကြိုးဝိုင်းထဲ ရောက်နေတဲ့ ရွာမြေတွေ အများပိုင်မြေတွေကို သစ်တောမြေ အဖြစ်ကနေ ပယ်ဖျက်ပေးဖို့ စီစဉ်နေတယ်။ သစ်တောဦးစီးဌာနက ပြန်ပေးတဲ့ မြေနေရာတွေကို ပြည်ထဲရေး ၀န်ကြီးဌာနက အတည်ပြုပေးရင် သစ်တောဒေသက ပြည်သူတွေ တရားဝင်နေထိုင်လို့ရသွားမှာပါ” ဟု ပြောသည်။
“သစ်တော မြေတွေကို ပြန်လည်ပယ်ဖျက် ပေးတာကတော့ ဒီမြေတွေမှာ နှစ်လအများကြီး ကျူးကျော်နေတဲ့ အခြေခံလူတန်းစားကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ရဖို့ရည်ရွယ်ပြီးပြန်ပေးတာ ဖြစ်ပါတယ်။ အခုပြန်ပေးမယ့် အစီအစဉ်က ဒုတိယ အကြိမ်ပေးခြင်းလည်း ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
၂၀၁၃ ခုနှစ် မတ်လတွင် သစ်တောမြေများ၌ နှစ်အတန်ကြာနေထိုင်သူများ စာရင်းကို စိစစ်ပြီး ၂၀၁၃ ဒီဇင်ဘာလတွင် မြေဧက သုံးသိန်း ကျော်ပါဝင်သည့် ကျေးရွာ ၁၂၂၃ ရွာကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီးဖြစ်သည်။
သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က “ပြန်ပေးတဲ့ နေရာမှာ အိမ်ခြေငါးဆယ်ကို ရွာအဖြစ််သတ်မှတ်ပြီးတော့ ရှိနေတဲ့ အိမ်ခြေတွေနဲ့ လယ်တွေကို ကြိုးဝိုင်း အဖြစ်က ဖယ်ရှားပေးပြီး ပြန်ပေး တယ်။ ယာတွေကိုတော့ ဒေသခံ အစုအဖွဲ့ပိုင် သစ်တောအဖြစ် ဆောင်ရွက်ပေးတယ်။ အိမ်ခြေ ငါးဆယ်အောက်ဆိုရင်တော့ ပြန့်ကြဲနေတဲ့အတွက် မြေခံရေခံကောင်းတဲ့နေရာ လမ်းပမ်းဆက်သွယ်ရေးကောင်းတဲ့နေရာတွေကို ယာအဖြစ်သတ်မှတ်ပေးဖို့ လုပ်နေတယ်။ အထူးသဖြင့်တော့ လူဦးရေထူထပ်တဲ့ နေရာတွေကိုပေးဖို့ လျာထားပါတယ်” ဟု ပြောသည်။
မြေယာသည် ကျေးလက်မိသားစုများအတွက် လက်ဆုပ်လက်ကိုင် အပြနိုင်ဆုံး ပိုင်ဆိုင်မှုဖြစ်သော်လည်း ခေါင်း ပုံဖြတ်ခံနေရပြီး အလွဲသုံးအမြတ်ထုတ်ခံနိုင်သည့် အန္တရာယ်များရှိနေကာ လက်ရှိ ဥပဒေများ နှင့် မြေယာဥပဒေ သစ်များအရပါ ကျေးလက်နေပြည်သူများကို အကာအကွယ် ပေးနိုင်မှု သည် အကန့်အ သတ်နှင့် သာရှိသည်ဟု မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)၏ ဒါရိုက်တာ ဗစ်ကီဘိုမန်က စက်တင်ဘာ ၆ ရက်တွင် မဇ္စျိမကို ပြောထားသည်။