ရခိုင်ပြည်နယ်အတွင်း မြစ်ကမ်းပါးပြိုမူကို အစိုးရအနေဖြင့် စီမံကိန်းများချမှတ်ပြီး စနစ်တကျ ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
သို့မဟုတ်ပါက ယဉ်ကျေး အမွေအနှစ်များ ပေါများရာ ရခိုင်ဒေသတွင် ဆုံးရှံုးမူများစွာနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဒေသခံများက ဆိုသည်။
ရခိုင်ပြည်နယ်သည် မြစ်ချောင်းအင်းအိုင် အလွန်ပေါများပြီး တစ်ခြားဒေသများနှင့် မတူသဖြင့် မြစ်ချောင်း ကမ်းပါးပြိုမူအတွက် သီးသန့် ဘတ်ဂျက်ငွေများ အလုံအလောက်ခွဲဝေပြီး စီမံကိန်းချ ကာကွယ် ဆောင်ရွက်ရန် လိုအပ်နေသည်ဟု သူတို့က ဆိုသည်။
မင်းပြားမြို့ ကမ်းပါးပြိုမူကြောင့် အိမ်ခြေပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ပန်းမြောင်းရွာကြီး ကမ်းပါးပြိုမူကြောင့် စျေးတစ်ခြမ်းနီးပါး ရေထဲပါသွားပြီဟု ပန်းမြောင်းဒေသခံ ဦးအောင်ကျော်သိန်းက ပြောဆို သည်။
အလားတူ ကျောက်တော်မြို့နယ်ရှိ အပေါက်ဝကျေးရွာမြစ်ကမ်းပါးပြိုကျမှုကြောင့် နှစ်ပေါင်း (၁၀၀) ကျော်က တည်ဆောက်ထားသော ချောင်းဝ ဘုန်းတော်ကြီးကျောင်းမှာ ကုလားတန်မြစ်ထဲ ပါရန် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ချောင်းဝ ဘုန်းတော်ကြီးကျောင်းမှာ နှစ်တစ်ရာနီးပါးခန့် သက်တမ်းကြာမြင့်နေပြီဖြစ်ကြောင်း၊ မြစ်ကမ်း ပါးပြိုကျမှုကြောင့် ရေထဲသို ့ပြိုကျမည့်အနေအထားသို့ ရောက်ရှိနေကြောင်း ချောင်းဝဘုန်းတော်ကြီး ကျောင်း ထိုင်ဆရာတော် ဦးတေဇက နိရဥ္စရာသတင်းဌာနသို့ မိန့်သည်။
“ ဒီကျောင်းကြီးကိုဖြိုပြီး ပြန်တည်ဆောက်ဖို့ ဆိုတာ မလွယ်ဘူး။ ငွေကြေးတွေလည်းတော်တော်လိုဦး မယ်။ နောက်တနှစ် မိုးဆိုရင် ကမ်းပါးပြိုပြီး ရေထဲ ပါကောင်း ပါသွားနိုင်တယ်”ဟု ဆိုသည်။
အပေါက်ဝ ကျေးရွာ မြစ်ကမ်းပါးမှာ နှစ်စဉ်နှစ်တိုင်းပြိုကျနေခြင်းဖြစ်သည့်အတွက် ကမ်းပါးအနီးရှိ နေအိမ်များ အပါအဝင် ကမ်းပါးအနီး ရောင်းချနေကြရသည့် ရွာစျေးနှင့်အတူ စျေးဆိုင်ခန်းများနှင့် ထမင်းဆိုင်များမှာလည်း အမြဲတမ်းပြောင်းရွှေ့တည််ဆောက်ရောင်းချနေကြရကြောင်း အပေါက်ဝကျေးရွာမှ စျေးသည် ဒေါ်မေနုက ပြော သည်။
“ကမ်းပါးပြိုလို့ အိမ်လည်း ရွာထဲဝင်လာရပြီ။ မြေနေရာလည်း တဖြည်းဖြည်း ကျဉ်းလာတယ်။ အရင်လို စျေးရောင်းလည်းမကောင်းတော့ဘူး” ဟု သူမက ဆိုသည်။
ကမ်းပါးပြိုသည်ကို ကာကွယ်ပေးမည့် အရံအတား ရေထိန်း နံရံများကို သက်ဆိုင်ရာက တည်ဆောက် သော် လည်း စနစ်တကျ ရေရှည် အကျိုးကို မျှော်ပြီး ပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ တပွဲထိုး စနစ်ဖြင့် ပြုလုပ်နေသဖြင့် ထိရောက်မူ မရှိကြောင်း၊ ကမ်းပါးပြို၍ ရွှေ့သွားရသည့် အိမ်ထောင်စုများသာ နှစ်စဉ် တိုးပွားနေပြီး ဒုက္ခရောက်နေကြရကြောင်း၊ အစိုးရကလည်း မည်သည့်အခါမျှ ထောက်ပံ့ကြေးများ ပေးအပ်ခြင်း မရှိကြောင်း ကျေးရွာသားများက ပြောကြားသည်။
“အစိုးရက ထောက်ပံ့ပေးတာ တစ်ခါမှှမရှိဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ပြောင်းရွှေ့တည်ဆောက်နေရတယ်။ ကမ်းပြိုလေ ပြောင်းလေနဲ့ ကျွန်မတို့မှာ တော်တော်ငွေကုန်ကြေးကျများပါတယ်။ တော်တော်လေးလည်း ဒုက္ခ ရောက်ပါတယ်”ဟု အပေါက်ဝကျေးရွာမြစ်ကမ်းအနီးတွင် စျေးဆိုင်ရောင်းချနေသည့် အမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ယင်းသို့ မကြာခဏပြောင်းရွှေ့တည်ဆောက်နေကြရသည့်နေအိမ်များ၊ စျေးဆိုင်ခန်းများအတွက် နိုင်ငံတော် အစိုးရက လျော်ကြေး(သို့မဟုတ်)ထောက်ပံ့ကြေးမျိုးပေးအပ်သင့်ကြောင်းလည်း အပေါက်ဝ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှဝင်းက သူ၏အမြင်ကို ပြောသည်။
“လျော်ကြေးပုံစံမျိုးတော့မဟုတ်တော့ဘူး။ ဥပမာ မြန်မာနိုင်ငံမှာနေတဲ့အတွက် ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်မှာ ဖြစ်ပျက်လို့ ဆုံးရှုံးမှုတွေဖြစ်ပေါ်သွားတဲ့အတွက် နိုင်ငံတော်ကလည်း ထောက်ပံ့ ကူညီသင့်တယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ကမ်းပါးပြိုလို့ နေအိမ် ၁ဝ လုံး ပြောင်းသွားရတယ်။ ရွာပြင်မှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အိမ်ဆောက်နေကြရတယ်”ဟု ယင်းက ဆိုသည်။
၂ဝဝ၅ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အပေါက်ဝကျေးရွာ ကုလားတန် မြစ်ကမ်းပါးများ ဆက်တိုက်ပြိုကျနေပြီ မြစ်ကမ်းပါး ပြိုကျမှုကြောင့် ရွာ၏ သောက်သုံးရေကန်ကြီး တစ်ကန်မှာလည်း မြစ်ရေ များဝင်ရောက်လာသည့် အတွက် သောက်သုံး၍မရတော့ကြောင်း ဒေသခံများကဆိုသည်။
ကျောက်တော်မြို့ အထက်ပိုင်မှ စီးဆင်းလာသည့် ကုလားတန်မြစ် ရေစီး တိုက်ရိုက် တိုက်စားနေမှုကြောင့် ယခုကဲ့သို့ကမ်းပါးများ အဆက်မပြတ်ပြိုကျနေခြင်းဖြစ်သည်။
ကျောက်တော်မြို့နယ်တွင် အပေါက်ဝကျေးရွာအပြင် ကာဒီကျေးရွာနှင့် သင်္ဂနက်ကျေးရွာတို့ တွင်လည်း မြစ်ကမ်း ပါးပြိုကျသည့်အန္တရာယ်ကိုကြံုတွေ့ရသည်ဟု ဆိုသည်။
အဆိုးရွားဆုံးမှာ ကျေးရွာ သုံးရွာအနက် အပေါက် ဝကျေးရွာ၏ မြစ်ကမ်းပါးများပြိုကျမှု ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးမောင်လှဝင်းက ဆက်ပြောသည်။
အဆိုပါ ကျေးရွာ၏မြစ်ကမ်းပါးပြိုကျမှုကို ၂ဝဝ၅ ခုနှစ်နောက်ပိုင်းမှစတင်ကာ ယခုအချိန်ထိ သက်ဆိုင်ရာ တာဝန်ရှိသူများက မြေထိန်းနံရံများ တည်ဆောက်ပေးပြီး ကာကွယ်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ကမ်းပါးပြိုကျမှုကို ၁ဝ ရာခိုင်နှုန်းခန့်သာ တားဆီးကာကွယ်နိုင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။
“သူများနိုင်ငံတွေမှာဆိုရင် မြစ်ကမ်းပါးနဲ့ခပ်လှမ်းလှှမ်းကနေ ရေထိန်းနံရံကို ခိုင်ခိုင်မာမာ ကာပစ်လိုက်တယ်။ အဲဒီ ရေထိန်းနံရံနဲ့ မြစ်ကမ်းပါးကို တံတားလေးတွေတောင်ထိုးလိုက်တော့ သာသာယာ ယာတောင် ဖြစ်သွား တယ်။ ဒီမှာလည်း တံတားလေးတွေ မထိုးချင်နေ။ အဲလိုမျိုး ရေထိန်းနံရံတွေ အခိုင်အမာ ကာပစ်လိုက်ရမယ်။ ဒါမှသာ ဟိုကတိုက်စားလာတဲ့ကုလားတန်မြစ်ရေစီးဟာ မြစ်ကမ်းပါးကို တိုက်ရိုက် မတိုက်စား တော့ ဘဲ ရေထိန်း နံရံနဲ့တွေ့ပြီး လမ်းကြောင်းလွဲသွားမယ်”ဟု အပေါက်ဝကျေးရွာမှ နိုင်ငံတကာအတွေ့အကြံုရှိသည့် ကိုအေးနိုင်က ထောက်ပြသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၏ စံပြကျေးရွာတစ်ရွာဖြစ်သည့် အပေါက်ဝကျေးရွာတွင် အိမ်ခြေ ၁၃၈ဝ နှင့်လူဦးရေ ၅ဝဝဝ ကျော်ရှိပြီး ရပ်ကွက် ၅ ခုရှိပြီး ယခုအခါ မြစ်ကမ်းပြိုကျမူကြောင့် ကျေးရွာသားများ စိတ်ရတက်မအေး ဖြစ်နေကြကြောင်း သိရသည်။