ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ဝက်ထီးကန်ကျေးရွာအုပ်စုမှ သမိုင်းဝင် ဝက်ထီးကန် ကန်ကြီးတူးဖော်မှု တွင် ငွေစာရင်းရှင်းတန်း ထုတ်ပြန်မပေး၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ကို အရေးယူပေး ရန် ကျေးရွာသူကျေးရွာသား (၁၀၀) ကျော်က အောက်တိုဘာ ၂၄ ရက်က ဒုတိယအကြိမ် လမ်းလျောက်ဆန္ဒပြခဲ့ သည်။
“တိုင်စာလည်းတက်တယ်။ ဆန္ဒပြမှုလည်းလုပ်တယ်။ အရေးယူဆောင်ရွက်မပေးတဲ့အတွက် ဒုတိယအကြိမ် ထပ်မံ ဆန္ဒပြတာပါ” ဟု ဆန္ဒပြခေါင်းဆောင် ဦးမျိုးတင့် က ပြောသည်။
ဝက်ထီးကန်ကန်ကြီး တူးဖော်မှုငွေစာရင်းရှင်းတန်း ထုတ်ပြန်ပေးရန်နှင့် အလွဲသုံးစားလုပ်သူကို အရေးယူပေး ရန် သြဂုတ်လအတွင်းက နှစ်ကြိမ်တိုင် တိုင်တန်းခဲ့ပြီး စက်တင်ဘာ ၂၅ ရက်ကလည်း ဆန္ဒပြခဲ့သည်။
ဆန္ဒပြသူများသည် အောက်တိုဘာ ၂၄ ရက် နံနက် ၉ နာရီတွင် ဝက်ထီးကန်ကျေးရွာအုပ်စု နဝင်းကွက်သစ်တွင် စုဝေးကာ မြို့တွင်းလမ်းများအတိုင်း ဝက်ထီးကန်ကျေးရွာအဆုံးအထိ ချီတက်ခဲ့ကြသည်။ ထိုမှတဆင့် လာလမ်းအတိုင်း ပြန်လည်ချီတက်ကာ ဝက်ထီးကန် ကန်ကြီးကို ပတ်၍ ကန်ဘောင်ရေကျော် တံတားအထိ လမ်းလျောက် ဆန္ဒပြခဲ့သည်။
၂၀၁၃ ခုနှစ် ကုန်ပိုင်းတွင် သမိုင်းဝင်ကန်ကြီး ပြုပြင်မှုအတွက် နိုင်ငံတော်မှ ငွေကျပ်သိန်း(၁၁၀၀) ချပေးထားပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော်ကျော်လင်း၊ ဝက်ထီးကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းထိုက် နှင့် ဆည်မြောင်းဌာနတို့ မှ ကန်ကြီးကိုတာဝန်ယူပြုပြင် ခဲ့သည်။
သိန်း (၁၁၀၀) အနက် သိန်း (၃၀၀) ခန့်သာ ကန်တူးဖော်ပြုပြင်ရေးအတွက် အသုံးပြုထားပြီး ပိုငွေကျပ်သိန်း (၈၀၀) ကျော် ကို ကန်တူးဖော်ရေးကော်မတီ ဥက္ကဋ္ဌက စာရင်းမပြနိုင်ကြောင်း ဆန္ဒုပြသူများက ပြောသည်။
အဆိုပါကန်ကြီးသည် အလျားပေပေါင်း ၁၆၂၀၀ အကျယ်အဝန်း ၁၄၅ ဧက ရှိပြီး အလျားပေပေါင်း ၁၀၃၈၀ ကိုတူးဖော် ပြုပြင်ပြီးဖြစ်ရာ အလျား ပေပေါင်း ၅၈၂၀ ကို ထပ်မံတူးဖော်ပြုပြင်ရန်နှင့် ကန်ပတ်လမ်း မြေနီဖို့ရန် ကျန်နေသေးသည်။