Bi မွန်းတည့်နေ ဂျာနယ်အမှု အောက်တိုဘာ ၂၇ ရက်တွင် နောက်ဆုံးထား၍ အနောက်ပိုင်းခရိုင် တရားရုံးသို့ အယူခံဝင်မည်ဟု တရားခံများ၏ အကျိုးတော်ဆောင် ရှေ့နေဦးကျော်ဝင်းက မဇ္စျိမကို ပြောသည်။
ပန်းဘဲတန်းမြို့နယ်တရားရုံးက အောက်တိုဘာ ၁၆ ရက်တွင် Biမွန်းတည့်နေဂျာနယ်အမှုမှ သတင်းမီဒီယာ သမား ၅ ဦးကို ပုဒ်မ ၅၀၅(ခ)/ ၃၄ အရ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် ၂နှစ်ကျခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည့်အတွက် ခရိုင်သို့ အယူခံဝင်မည်ဖြစ်သည်။
ရှေ့နေဦးကျော်ဝင်းက “အယူခံမဝင်ရသေးပါဘူး။ စာရိုက်ထားတယ်။ မနက်ဖြန် (အောက်တိုဘာ၂၄ ရက်) တင်ဖို့ အချိန်မမှီရင် တနလာင်္နေ့ (အောက်တိုဘာ ၂၇ ရက်) ကျိန်းသေ နောက်ဆုံးထား တင်မယ်။ ပုဒ်မပြောင်း၊ မပြောင်းက အယူခံကျမှ ဆုံးဖြတ်ရမှာ။ အခုကတော့ ဒီပုဒ်မအပေါ်ကို အပြစ်ရှိ၊ မရှိကို သုံးသပ်ရမှာပါ”ဟု ပြော သည်။
ယင်းအပြင် Bi မွန်းတည့်နေအမှုနှင့် ပတ်သက်၍ တရားစီရင်ရေးအပိုင်း ပြီးစီးပါက သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် စဉ်းစားဆောင်ရွက်ပေးနိုင်ရန် ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က သမ္မတထံ တင်ပြပေးသွားမည်ဟု လည်း အောက်တိုဘာ ၂၁ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် မီဒီယာများသို့ ပြောကြားထားသည်။
ပန်းဘဲတန်းမြို့နယ်တရားရုံးတွင် ဂျာနယ်ပိုင်ရှင်ဦးဝင်းတင်နှင့် ပါဝင်ပတ်သက်သူ စွဲချက်တင်ခံ ထားရသူ ဦးယဉ်မင်းထွန်း၊ တာဝန်ခံ အယ်ဒီတာ သူရအောင် (ခေါ်) အောင်သန့်၊ အမှုဆောင်အယ်ဒီတာ ဦးဝင်းတင်၊ သတင်းထောက် ကျော်ဇော်ဟိန်း (ခေါ်) မင်းဝဿန်တို့ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
တရားရုံးက သြဂုတ်လ ၄ ရက်တွင် Bi မွန်းတည့်နေဂျာနယ်မှ ဂျာနယ်တာဝန်ခံအယ်ဒီတာ ကိုရဲမင်းအောင်ကို တရားရှင်လွတ်ခဲ့ပြီး ဂျာနယ်မှ ကျန်ငါးဦးကို အများပြည်သူ အထိတ်တလန့်ဖြစ်စေမှု၊ နိုင်ငံတော်လုံခြံုရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေရန် ကြံရွယ်မှု အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ- ၅(ဃ)/ (ည) မှ နိုင်ငံတော် အကြည်ညိုပျက်စေ မှုပုဒ်မ ၅၀၅(ခ)/ ၃၄ ပုဒ်မဖြင့် ပြောင်းလဲစွဲဆိုခဲ့ခြင်းဖြစ် သည်။
ဇူလိုင်လ ရ ရက်ထုတ် Bi မွန်းတည့် နေ အပတ်စဉ်ဂျာနယ်အတွဲ (၁) အမှတ ်(၂၉) တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးအရ အဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF (ဒီမိုကရေစီစဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု)က ထုတ်ပြန်’’ခေါင်းစဉ်ဖြင့် သတင်းရေးသားဖော်ပြခဲ့သောကြောင့် အမှတ် (၂) သတင်းတပ်ဖွဲ့ခွဲ ဒုရဲမှူးသိန်းထွန်းက တရားလိုပြု၍ အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။