ချင်းဘာသာဖြင့် ထုတ်ဝေသည့် ဖလန်းပို့စ်သတင်းစာ ထုတ်ဝေခွင့်ပိတ်ခံရပြန်ပြီ

ချင်းဘာသာဖြင့် ထုတ်ဝေသည့် ဖလန်းပို့စ်သတင်းစာ ထုတ်ဝေခွင့်ပိတ်ခံရပြန်ပြီ
by -
မဇ္စျိမ

ချင်းပြည်နယ်အတွင်း ချင်းဘာသာစကားဖြင့် ထုတ်ဝေသည့် ဖလန်းပို့စ် သတင်းစာအား တရားဝင်လိုင်စင် မရှိဟု အကြောင်းပြချက်ဖြင့် ချင်းပြည်နယ် အစိုးရမှ အောက်တိုဘာလ ၁၅ ရက်က သတင်းစာထုတ်ဝေခွင့်ကို ပိတ်သိမ်းခိုင်းခဲ့သည်ဟု ချင်းမီဒီယာကွန်ယက်မှ ဆလိုင်းဘုန်းထွန်းဝေ က မဇ္စျိမသိ်ု့ ပြောသည်။

"ကျွန်တော်တို့ အနေနဲ့  ပုံနှိပ်နည်းဥပဒေကလည်း ထွက်လာပြီး မှတ်ပုံတင်ရတဲ့ အထိတော့ ဆက်လက်ဆောင်ရွက်သွားမယ်" ဟု ယင်းကဆိုသည်။

ယင်းကဲ့သို့ ချင်းမီဒီယာများကို အစိုးရက ထုတ်ဝေခွင့်ပိတ်သိမ်းခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ ဆက်သွယ်မေးမြန်းရာ "ကျွန်တော်တို့ဆီ တရားဝင်စာမတင်သေးဘူး။ တရားဝင်ထုတ်ဝေခွင့်ကို သတ်မှတ်ထားတဲ့အတိုင်း တင်ရင်တော့ ခွင့်မပြုဘူးဆိုတာ မရှိပါဘူး။ ခုချိန်ထိတော့ ချင်းမီဒီယာက ကောင်စီကို တရားဝင် အကြောင်းကြားတာမရှိသေးဘူး" အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္စျိမကို ပြောသည်။

ချင်းပြည်နယ်ရှိ ချင်းဘာသာစကားဖြင့် ထုတ်ဝေသည့် ဟားခါးပို့စ်စာစောင်ကိုလည်း တရားဝင်လိုင်စင် မရှိ၍ ချင်းပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာ ၂၉ရက် ပိတ်သိမ်းခိုင်းခဲ့သေးသည်။

ချင်းပြည်နယ် အတွင်း ထုတ်ဝေနေသည့် စာစောင်ပေါင်း ၄၀ ခန့်ရှိပြီး စာစောင် ၅ ခုကသာ တရားဝင် လိုင်စင်ရှိသည်ဟု ချင်းမီဒီယာကွန်ယက်မှ ဆလိုင်းဘုန်းထွန်းဝေက ပြောသည်။

လက်ရှိ ချင်းပြည်နယ်တွင်းထုတ်ဝေနေသည့် စာစောင်အချို့မှာ ဂျာနယ်ဆိုဒ်ဖြင့်ပင် ထုတ်ဝေရန် ငွေကြေးအရ အခက်အခဲများရှိသည့်အတွက် A3၊ A4 ဆိုဒ်များဖြင့်သာ ထုတ်ဝေနိုင်သေးကြောင်းလည်း သူက ဆက်ပြောသည်။

ပုံနှိပ်နှင့်စာပေထုတ်ဝေခွင့်ဥပဒေမပြဌန်းမီအချိန်ထိချင်းပြည်နယ်တွင် ဂျာနယ်အဆင့် ထုတ်ဝေနိုင်သည့် ဂျာနယ် (၄) စောင်၊ သတင်းစာ (၂)စောင်သာမှတ်ပုံတင်ရှိသည် ဟု ဆလိုင်းဘုန်းထွန်းဝေက ဆိုသည်။

တရားဝင်လိုင်စင် မရှိသည့် သတင်းစာတိုက်များရှိသော်လည်း ဖလန်းပို့စ် သတင်းစာနှင့် ဟားခါးပို့စ် စာစောင် နှစ်စောင်ကိုသာ ရပ်ဆိုင်းခဲ့သည်ဟု ယင်းကဆိုသည်။

ဖလန်းပို့စ် သတင်းစာသည် ချင်းပြည်နယ်အတွင်း တစ်ပတ် ၅ကြိမ် ချင်းဘာသာစကားဖြင့် ထုတ်ဝေပြီး အစောင်ရေ ၁၀၀၀ ခန့် ရောင်းအားရှိကာ ၂၀၁၃ ခုနှစ်မှစတင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

Most read this week