ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များက လယ်မဲ့ယာမဲ့ အိမ်မဲ့များကို မြေနေရာများ ချထားပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနပိုင်မြေများ ပြန်လည် စွန့်လွှတ်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင့့်ရွက်လျှက်ရှိသည်ဟု ဒု-ဝန်ကြီး ဦးတင်ငွေက အမျိုးသားလွှတ်တော်တွင် ပြောသည်။
"တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့များ အလိုက်မြို့ပြစီမံကိန်း Town Plan၊ Village Plan တွေ ရေးဆွဲပြီး အိမ်ရာမြေများတိုးချဲ့ပြီး အိမ်ထောင်ခွဲ၊ အိမ်ယာမဲ့များအား ဦးစားပေး နေရာချထားပေး ရန် သက်ဆိုင်ရာဋ္ဌာနများက အသုံးမပြုတဲ့မြေများ ပြန်လည် စွန့်လွှတ်ပေးနိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက် လျက်ရှိပါတယ်" ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဋ္ဌာနမှ ဒု-ဝန်ကြီး ဦးတင်ငွေ က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် လယ်မဲ့၊ ယာမဲ့၊ အိမ်မဲ့များကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စာရင်းပြုစု လျက်ရှိပြီး အချက်အလက်များပေါ်မူတည်ကာ သင့်တော်သည့် အစီအမံများ တိုင်းအစိုးရက ချမှတ်ဆောင်ရွက်ပေးသွား မည်ဟု ဆိုသည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် မြေဧက ၆၀ဝ ဖော်ထုတ်ခဲ့ပြီး တောင်သူပေါင်း ၃၇၃ ဦးအား စနစ်တကျ ခွဲဝေ စိုက်ပျိုးနိုင်ရေးအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနက စီမံဆောင်ရွက်ပေး ခဲ့သည်ဟု ဆိုသည်။
ထို့အတူ ယခုဘဏ္ဍာနှစ်တွင် ကျေးလက်အိမ်ရာ တည်ဆောက်ရေး၌ ဝင်ငွေနည်းပြီး လုံခြံုမှုမရှိသော အိမ်ထောင်စုများ၊ သဘာဝဘေး အန္တရာယ်ကြောင့် ရှမ်းပြည်နယ်အတွင်း မြို့နယ် ခြောက်ခုတွင် ပျက်စီးဆုံးရှုံးသော အိမ်ထောင်စုများအတွက် အိမ်ရာ ၁,၄၁၃ လုံးကို ငွေကျပ် ၄,၄၀၂ဒသမ ၆၀၈ သန်းဖြင့် ဆောက်လုပ် ပေးရန် လျာထား ဆောင်ရွက်လျက်ရှိ သည်ဟု ဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်အေးထွန်းက နိုင်ငံတော်မှ ဆောင်ရွက်နေသည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းတွင် လယ်မဲ့၊ ယာမဲ့၊ အိမ်မဲ့၊ မှီခိုသူမဲ့ ဆင်းရဲသားအလွှာအတွက် သီးသန့် အစီအမံများ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိမရှိကို ပြည်ထောင်စုအစိုးရအား ကြယ်ပွင့်ပြ မေးမြန်းခဲ့ခြင်း ကို အထက်ပါအတိုင်းဖြေကြားခဲ့သည်။
သက်ဆိုင်ရာ အဖွဲ့အစည်းများက လယ်သမား၊ အသေးစားလုပ်ငန်းရှင်များနဲ့ လုပ်ငန်းကျွမ်းကျင်သူများ ကို ငွေချေးပေး ကြပါတယ်။ လယ်မဲ့၊ ယာမဲ့၊ အိမ်မဲ့ မှီခိုမဲ့ သူများကိုတော့ အသေးစား ထောက်ပံ့ငွေကိုတော့ လုပ်ငန်းအခြေခံမရှိတဲ့အတွက် ထုတ်ချေးကြမှာ မဟုတ်ဘူး။
"ချေးပေးရန် အခက်အခဲတွေ ရှိနိုင်ပါတယ်။ ထို့အတွက် ဆင်းရဲနွမ်းပါး မတိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာ မြေမဲ့၊ ယာမဲ့၊ မှီခိုသူမဲ့ ဆင်းရဲသားအလွှာကသူတွေ ပါဝင်နိုင်မှုမရှိဘဲ ကျန်ရှိနေပါတယ" ဟု ဦးမောင်အေးထွန်း က မေးခွန်းတွင် ထည့်သွင်းပြော ကြားသည်။
နိုင်ငံတော်အစိုးရက ဆင်းရဲနွမ်းပါးမှုကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ၂၀၁၃-၁၄ ခုနှစ်ဘဏ္ဍာ နှစ်တွင် ကျေးရွာ စုစုပေါင်း ၁,၁၅၀ အတွက် ငွေကျပ် ၃၄ ဒသမ ၅ ဘီလီယံ ကုန်ကျခံကာ ကျေးရွာ တစ်ရွာလျှင် အရင်းမပျောက်မတည်ငွေ ကျပ်သိန်း ၃၀ဝ နှုန်းကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေး သွားမည် ဖြစ်သည်။