ကချင်ပြည်နယ်တွင် မူးယစ်ဆေးဖြင့် ဖမ်းဆီးအရေးယူမှု ​နေ့စဉ်ရှိနေပြီး အချုပ်ခန်းပင်မလောက်၍ တိုးချဲ့ရမည်ဟုဆို

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဖြင့် ဖမ်းဆီးအရေးယူမှု ​နေ့စဉ်ရှိနေပြီး အချုပ်ခန်းပင်မလောက်၍ တိုးချဲ့ရမည်ဟုဆို
by -
မဇ္စျိမ

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူများအား တစ်နေ့လျှင် ရ ဦးမှ ၁၅ ဦးအထိ ဖမ်းဆီးအရေး ယူ ဆောင်ရွက်လျှက်ရှိရာ ကချင်ပြည်နယ်အတွင်း၊ အချို့ နေရာများရှိ အချုပ်ခန်းများအတွင်း ထားစရာနေစရာ မရှိတော့သည် အထိ ဖြစ်နေကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း က ပြောသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက "မူးယစ်ဆေးဝါး အလွန်မတန်သုံးစွဲတဲ့ ဖားကန့်ဒေသမှာဆိုရင် အချုပ်ခန်းမှာ အိပ်စရာ နေစရာတောင်မရှိဘူး။ ဒါကြောင့်အချုပ်ခန်းတွေ တိုးချဲ့ဖို့တောင်ရှိတယ်" ဟု ပြောသည်။

Opium-1

မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ရောင်းဝယ်ဖောက်ကားသူများအား ဖမ်းဆီးအရေးယူရာတွင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့၊ မူးယစ်အထူးအဖွဲ့ နှင့် အရပ်ဘက်ပြည်သူလူထု ပူးပေါင်းပါဝင်မှုများကို အရှိန်မြှင့်လုပ်ဆောင်ပြီး ဆက်သွယ်ရမည့် ဖုန်းနံပတ်များကို ကြောငြာထားခြင်းတို့ကြောင့်လည်း ဖမ်းဆီးရမိမှုများ များလာရခြင်းဖြစ်သည် ဟုလည်း ၎င်းကပြောသည်။

ကချင်ပြည်နယ်တွင် ၂၀၁၃ ခုနှစ်အတွင်း ဘိန်းဖြူ၊ ဘိန်းမည်းအပါအဝင် အခြားမူးယစ်ဆေးများ အမှုပေါင်း ၁၅၀၂ မှု ၊ တရားခံစုစုပေါင်း ၂၂၉၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဇန်နဝါရီလမှ အောက်တိုဘာလ ၁၈ ရက်အထိ ဘိန်းဖြူ ၊ ဘိန်းမည်းအပါအဝင် အခြားမူးဆေးဝါးများ ဖမ်းဆီးရမိမှုပေါင်း ၁၅၀၉ မှု နှင့် တရားခံ စုစုပေါင်း ၂၂၂၀ ဦးကို ဖမ်းဆီးအရေးယူပြီး ဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး ဦးစန်းယုက ပြောသည်။

၎င်းက "အခုနှစ်မှာ ဖမ်းဆီးရမိတဲ့ အရေအတွက်က ပိုများလာတယ်။ ရဲတပ်ဖွဲ့တွေ၊ မူးယစ်အထူးအဖွဲ့တွေ နဲ့  ပြည်သူတွေက သတင်းပေးတာတွေကို ဝိုင်းဝန်းပါဝင်တာတွေကြောင့်လည်းပါတယ်။ ဒီနှစ်အတွက် ဖမ်းဆီးရမိမှုမှာ ပြည်သူပါဝင်မှုက ၅ ပုံ ၁ ပုံပါ၀င်ပါတယ်" ဟု ရှင်းပြသည်။

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးသုံးစွဲခြင်းကို အစိုးရသာမက ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)ပါ တားဆီးမှုများ ပြုလုပ်လျက်ရှိပြီး ယင်းအဖွဲ့များ လက်လှမ်းမမှီသော နေရာများလည်းရှိနေကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လူငယ်ကော်မတီ အတွင်းရေးမှူး အင်ခွန်တန်ဂွမ်က ပြောသည်။

၎င်းက "ဖားကန့်ဒေသလို အခြေအနေအရမ်းဆိုးတဲ့နေရာတွေ ကချင်မှာ ၁၀ ခုလောက်ရှိတယ်" ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲခြင်းများကို တားဆီးရန်အတွက် ပြည်နယ်အစိုးရအနေဖြင့် မူးယစ်ဆေးဝါး အသိပညာပေးခြင်း လုပ်ငန်းများ နှင့် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ဆိုင်းပုဒ်များထောင်ခြင်း၊ ဆက်သွယ်ရမည့် ဖုန်းနံပတ်များကို ကြေငြာထားခြင်းဖြင့် အရှိန်အမြှင့် လုပ်ဆောင်နေသည်။