ဒီကေဘီအေ တပ်သားသစ်ရရှိရေး ရွာတွေက အတင်းကောက်ခံ

ဒီကေဘီအေ တပ်သားသစ်ရရှိရေး ရွာတွေက အတင်းကောက်ခံ
ဒီကေဘီအေတပ်ဖွဲ့မှ တစ်ရွာဝင်တစ်ရွာထွက်ကာ တပ်သားသစ်စုဆောင်းရေးများ ပြုလုပ် လျှက်ရှိရာ လွန်ခဲ့သည့် မေလ ၂၇ ရက်နေ့၌ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ကော့ကျိုက်ကျေးရွာရှိ ကရင်လူမျိုး နေအိမ်များမှ တစ်အိမ်တစ်ယောက်ကျ အစည်းအဝေးတက် ...

စံခလပူရီ(ဇွန်-၂)။    ။ ဒီကေဘီအေတပ်ဖွဲ့မှ တစ်ရွာဝင်တစ်ရွာထွက်ကာ တပ်သားသစ်စုဆောင်းရေးများ ပြုလုပ် လျှက်ရှိရာ လွန်ခဲ့သည့် မေလ ၂၇ ရက်နေ့၌ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ကော့ကျိုက်ကျေးရွာရှိ ကရင်လူမျိုး နေအိမ်များမှ တစ်အိမ်တစ်ယောက်ကျ အစည်းအဝေးတက်စေပြီး ၄င်းကျေးရွာမှ တပ်သားသစ် ၆ ယောက် ပေး ဆောင်ရမည်ဟုပြောဆိုကြောင်း ယမန်နေ့က ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာသော အဆိုပါကျေးရွာ သား မွန်ပြည်သစ်တပ်ဖွဲ့ဝင် တစ်ဦးကပြောပြသည်။

“ကျနော်ကိုတော့ မွန်ပြည်သစ်အဖွဲ့ဝင်ဖြစ်နေတော့ အစည်းအဝေးတက်ဖို့ မခေါ်ပါဘူး၊ အထူးသဖြင့် ကရင်အိမ်တွေ ကိုပဲ အစည်းအဝေး မတက်မနေရ ဖိတ်ခေါ်တာပဲ၊ အစည်းအဝေးကပြန်လာတဲ့ အိမ်နီးနားခြင်းတွေ မေးကြည့်တော့ သိရတယ်” ဟု ယင်းမွန်ပြည်သစ်ပါတီအဖွဲ့ဝင်က ပြောကြားခဲ့သည်။

အဆိုပါ ကော့ကျိုက်ကျေးရွာသည် မော်လမြိုင်-ဖားအံ အဝေးပြေးကားလမ်းမ နံဘေး၌တည်ရှိရာ အိမ်ခြေ ၃၀၀ ဝန်ကျင်ခန့်ရှိပြီး မွန်၊ ကရင်လူမျိုးတို့ နေထိုင်ကြသည်။ ရွာတွင်လည်း စိုက်ပျိုးရေးနှင့် အခြားအလုပ်အကိုင်များ အဆင်မပြေကြသဖြင့် လူငယ်အများစုမှာ ထိုင်းနိုင်ငံတွင် ဝင်ရောက်အလုပ် လုပ်ကိုင်နေကြရသည်။ အဆိုပါ ကျေးရွာတွင် စစ်ထဲဝင်မည့်လူငယ်များ အလွန်ရှားပါးနေသည်ဟုလည်း ဆက်လက်ပြောကြားခဲ့ပါသည်။

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်တို့တွင်လည်း ဒီကေဘီအေ တပ်မဟာ ၉၉၉ မှ ကျေးရွာ ရယက များမှတဆင့် အသက် ၃၀ နှစ်အောက်များကို အဓိက စုဆောင်းနေသောကြောင့် လူငယ်ရွာသားများ နီးစပ်ရာ ထိုင်းနယ်စပ်ဘက်သို့ ထွက်ပြေးပုန်းရှောင်နေရသည်။

ဘားအံခရိုင် ပိုင်ကျုံမြို့နယ်တွင်လည်း ယင်းကဲ့သို့ စုဆောင်းမှုများရှိနေပြီး လှိုင်းဘွဲမြို့နယ်၌ အဓမ္မလိုက်ဖမ်းထားသူ ၂၀၀ ဦးခန့် ရှိပြီဟု မဇ္ဇျိမသတင်းတစ်ရပ်တွင် ဖေါ်ပြပါရှိသည်။

သထုံမြို့နှင့် ဖားအံမြို့ကြားရှိ ကရင်ရွာ ရ၄ ရွာခန့်တွင် ယောက်ျားလေးလူငယ်အများအပြား ထိုင်းနယ်စပ်ဘက်သို့ ဝင်ရောက်လာသည်ဟု ထိုင်းနယ်စပ်ရှိ KNU ဟောင်းတစ်ဦးက ဆိုသည်။

ဒီကေဘီအေထဲဝင်ရန် ကျေးရွာဥက္ကဌက မဲပုံးစံနစ်ဖြင့် အရွယ်ရောက်သူလူငယ်များကို မဲနှိုက်ခိုင်းပါသည်။ မဲကျသူ များမဖြစ်မနေ စစ်ထဲဝင်စေပြီး ထွက်ပြေးလျှင် တစ်ဦးစီအတွက် ကျပ်ငွေငါးသိန်းပေးရမည်။ တပ်သားတစ်ယောက် ၏လစာမှာ မြန်မာကျပ်ငွေ နှစ်သောင်းခွဲသာရှိသည်ဟု သိရပါသည်။

ဒီကေဘီအေတို့သည် နအဖစစ်အစိုးရ သတ်မှတ်ဖွဲ့စည်းမည်ဖြစ်သော နယ်ခြားစောင့်တပ်ဖွဲ့ Border Guard Force တွင် တပ်ရင်းအလိုက် အင်အားအလုံအလောက်ရရှိရန် မဖြစ်မနေလုံးပမ်းနေရချိန်ဖြစ်သည်။

နယ်ခြားစောင့်တပ်ဖွဲ့ကို အသွင်ပြောင်းလိုက်လျှင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အမည်မှာပျောက်ကွယ်သွားမှာဖြစ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အမည်ပြောင်းလဲ ခေါ်ဝေါ်ရ မည်ဖြစ်သည်။

ထိုင်းနယ်စပ်ရှိ KNU အရာရှိဟောင်းတစ်ဦး ခန့်မှန်းချက်အရ ဒီကေဘီအေတပ်ဖွဲ့၏ တိုက်ခိုက်ရေးအင်အားမှာ တစ်ထောင်မျှပင်မရှိ၍ ယ္ခုကဲ့သို့ တပ်သားသစ်ရရှိနိုင်ရေး မဖြစ်ဖြစ်သည့်နည်းဖြင့် အတင်းလိုက်လံကောက်ယူ
ရခြင်း ဖြစ်သည်ဟုဆိုသည်။
 
ဒီကေဘီအေအဖွဲ့ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့၌  စတင်ဖွဲ့စည်းခဲ့သည်။ အဖွဲ့၏ နယကဆရာတော်မှာ ဦးသုဇနဖြစ်ပြီး ဥက္ကဋ္ဌမှာ စောသာထူးကျော်ဖြစ်သည်။ ကေအန်ယူမှ စတင်ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် ဒု-အရာခံဗိုလ် စောကျော်သန်းမှာ လက်ရှိ ဒီကေဘီအေ တပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်ပြီး ဌာနချုပ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူတွင် ဖွင့်လှစ်ထားသည်။ ၎င်းတို့အဆိုအရ လက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အား လေးထောင် (၄၀၀၀) ခန့်ရှိသည်ဟု ဆိုသည်။