တပ်သိမ်းမြေကိစ္စ ပြည်နယ်လွှတ်တော်သို့ တင်ပြသူရှိမှသာလျှင် ဆွေးနွေးနိုင်မည်

တပ်သိမ်းမြေကိစ္စ ပြည်နယ်လွှတ်တော်သို့ တင်ပြသူရှိမှသာလျှင် ဆွေးနွေးနိုင်မည်
by -
ကန္တာရဝတီတိုင်းမ်

ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာ တပ်သိမ်းလယ်ယာမြေ ကိစ္စနှင့်ပတ်သက် ၍ ပြည်သူများဘက်မှ ပြည်နယ်လွှတ်တော်သို့ တင်ပြမှုမရှိသည့်အတွက် လာရောက် တင်ပြမည့်သူရှိမှသာလျှင် လွှတ်တော်တွင် ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူး အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပြောကြားသွားသည်။

“ပြည်သူက တင်ပြထားတာမရှိဘူး သူတို့လွှတ်တော်ထဲကို စာတင်ပြဖို့လိုတယ်။ တင်ပြမည့်သူရှိမှဘဲ လွှတ်တော်က ဆွေးနွေးနိုင်မယ်” ဟု ဝန်ကြီးက ပြောသည်။

အမှတ် (၅၃၁) ခြေမြန်တပ်ရင်းမှ သိမ်းဆည်းထားသည့် လယ်ယာမြေများကို တောင်သူများက ပြန်လည် ရရှိရန် မေလ ၂၇ ရက်နေ့တွင် ထွန်တုံးတိုက်ပွဲများ ပြုလုပ်ခဲ့ပြီးနောက် စစ်တပ်ဘက်မှ ၎င်းတောင်သူများထဲမှ ၄ ဦးနှင့် ဓမ္မဆရာတဦး စုစုပေါင်း ၅ ဦးကို ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲဆိုထားလိုက်သည်။

တရာစွဲခံထားရသည့် ၅ ဦးကို စက်တင်ဘာလတွင် တရားရုံး၌ စတင်စစ်ဆေးခံနေကြရပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အစိုးရနှင့် မဆိုင်ကြောင်း ဥပဒေနှင့်သာ သက်ဆိုင်ခြင်းဖြစ်ကြောင်း ပြောဆိုသွားသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာဆုံးရှံူးမှု မဖြစ်ပေါ်စေရေးအတွက် ဒေသခံတောင်သူများက စုံစမ်းရေး ကော်မရှင်၊ ပြည်ထောင်စု လွှတ်တော်သို့လည်း တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆိုလျားကူးကျေးရွာမှ တောင်သူများ၏ စိုက်ပျိုးမြေယာများ ပြန်လည်ရရှိရေးနှင့် တရားစွဲဆိုခံထားရသည့် တောင်သူများ၏ အမှုကို ပြန်လည် ရုပ်သိမ်းပေးနိုင်ရေးတို့အတွက်ကို ပြည်ထောင်စုလွှတ်တော်သို့ ဖရူဆိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးရယ်က စက်တင်ဘာလ၂၃ ရက်နေ့တွင် ဆွေးနွေး တင်ပြခဲ့ပြီးဖြစ်သည်ဟု သိရသည်။

လွှတ်တော်မှတဆင့် သမ္မတကြီးထံသို့ တင်ပြသွားပြီး လာမည့် လွှတ်တော်အစည်းအဝေး နောက်တကြိမ်တွင် မည်သို့ စီစဉ်ဆောင်ရွက်ပေးမည်ကို အဖြေသိရမှာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဦးရယ်က ပြောသည်။

“သမ္မတဆီကိုတော့ ရောက်ပြီးသားဖြစ်ပါတယ်။ အဲဒီကနေ တောင်သူတွေအတွက် သူတို့ ဘယ်လိုဆောင် ရွက်ပေးမလဲဆိုတာ သိရမယ်။ တကယ်လို့ ဘာမှမလုပ်ပေးရင်တော့ ကျနော့်အနေနဲ့ နောက်တကြိမ် ထပ်တင်ပြရအုံးမှာပါဘဲ” ဟု ဦးဦးရယ်က ပြောသည်။

အမှတ် (၅၃၁) တပ်ရင်းသည် ၁၉၉၃ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တပ်ရင်း တည်ဆောက်နေ သည့် နေရာနှင့် ဆက်စပ်မှုမရှိဘဲ သီးခြားတည်ရှိနေသည့် ဆိုလျားကူးကျေးရွာရှိ ဒေသခံများ၏ ခန့်မှန်းခြေစိုက် ပျိုးမြေဧက (၆၀၀) ကျော်ကို တိုးချဲ့ သိမ်းယူထားခဲ့ခြင်းဖြစ်သည်။

Most read this week