မိုးကြီး မှုကြောင့် ကျိုင်းတုံမြို့ ရေလျှံ

မိုးကြီး မှုကြောင့် ကျိုင်းတုံမြို့ ရေလျှံ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ မြို့နယ် အတွင်း မိုး သည်းထန်စွာ ရွာသွန်း မှုကြောင့် ကျိုင်းတုံမြို့ပေါ် ရပ်ကွက် အချို့ ရေလျှံမှု ဖြစ်ပွါးခဲ့သည်ဟုဆိုသည်။

အောက်တိုဘာ ၂၀ ရက်နေ့ နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာသွန်းရာ ကျိုင်းတုံမြို့လယ် မြို့မဈေးကြီး၊ ရပ်ကွက် ၁ ၊ နောင်လဲန့်အပိုင်းတို့တွင် သစ်တပင်တောင်ခေါ် ထတ်ဇွမ်မွန်းမှ တောင်ကျရေများကြောင့် ရေလျှံ တက်ခြင်းဖြစ်သည်ဟုဆိုသည်။

Keng Tung Flood

“အဲဒီအပိုင်းက ချောင်းမရှိဘူး၊ မိုးတအားကျလာရင် နေနှုတ်မြောင်းပိတ်လို့ ရေလွှမ်းတာ။ ဈေးထဲမှာ ကုန် တွေ၊ ပစ္စည်းတွေထားတဲ့သူ မြန်မြန်မရွှေ့နိုင်သူတွေတော့ အဆုံးအရှုံးရှိတယ်။ ရေစိုကုန်တာပေါ့” ဟု ဈေးအတွင်း စိုင်းလတ် ကပြောသည်။

မိုးဦးပိုင်းက နမ့်လတ်ချောင်း၊ နမ့်ခင်ချောင်း နှင့် နမ့်ခွန်ချောင်းရေကြီးမှုကြောင့် ရေကြီးကာ လယ်ယာ ဧက ပေါင်းများစွာပျက်စီးပြီး လူတဦးသေဆုံးခဲ့သည်။

မြို့တော် တောင်ကြီးတွင်လည်း ပြီးခဲ့သည့်အပတ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကာ လူ ၅ ဦးသေဆုံးခဲ့သည်။

ယခုကဲ့သို့ဖြစ်ပွားခြင်းသည် သဘာဝ သစ်တောများ ပြုန်းတီးမှုကြောင့် ဖြစ်ပွားသည်ဟု သဘာဝ ပတ် ဝန်းကျင်ထိန်းသိမ်းသူများကပြောသည်။