ဂျွန် ၁ ရက်ကစပြီး တောင်ပိုင်း ဝ တပ်ဖွဲ့များ ခရီးသွားလာပါက စစ်အစိုးရ၏သက်ဆိုင်ရာဒေသခံစစ်ဗျူဟာမှူးရုံး၊ တပ်ရင်းရုံး သို့ သတင်း ပေးပို့ရမည်ဟု သျှမ်းပြည်အရှေ့တောင်ပိုင်း ပုံပါကျင်မြို့နယ်ခွဲ အခြေစိုက် စစ်ဗျူဟာမှူးကပြောကြောင်း နယ်စပ် သတင်းရပ်ကွက်ဆိုသည်။
တောင်ပိုင်း ဝ တပ်ဖွဲ့အား မြောက်ပိုင်းသို့ တပ်ရုတ်ပြန်ရန်/လက်နက်ချရန်/စစ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီး လက်အောက် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် စစ်အစိုးရဖက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့၏။ ဝ တပ်ဖွဲ့ လိုက်နာ ဆောင်ရွက်ခြင်း မရှိသဖြင့် စစ်အစိုးရက စစ်ရေးဖြင့်ကိုင်တွယ်ရန် (သို့) ခြိမ်းခြောက်ရန် တပ်မများ အဆင်သင့် ရောက်ရှိနေပြီဖြစ်ကြောင်း ကျေးရွာ ဥက္ကဌ နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဆင့်ခေါ်သည့် အစည်းအဝေး၌ ပုံပါကျင်အခြေစိုက်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူက ၂၉/ဝ၅/ဝ၉ နေ့၌ ပြောကြားခဲ့သည်ဟု နယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။
“မေ ၂၉ ရက်နေ့က တောင်ပိုင်း ဝ တပ်ဖွဲ့ တပ်မဟာမှူး တပ်ရင်းမှူးတွေ အစည်းအဝေးလုပ်ကြတယ်။ သူတို့အဓိက ဆွေး နွေးတာက တောင်ပိုင်းဒေသရှိ အဓိကတပ်စခန်းသုံးခုအား စစ်အစိုးရက အမြန်ဆုံးရုတ်ပေးပါဆိုတဲ့ကိစ္စကို မလိုက်လျော နိုင်ဘူး ဆိုတဲ့အချက်ကို သဘောတူဆုံးဖြတ်ချက်ချကြတယ်။ နောက်တခုက တောင်ပိုင်းဝ တပ်ဖွဲ့တွေ ခရီးသွား/လာရင် စစ်အစိုးရတပ်ကို သတင်းပေးပို့ဖို့အချက်ကိုတော့ လိုက်လျောပေးဖို့၊ စားနပ်ရိက္ခာအတွက် ကြိုတင် ပြင်ဆင်ထားဖို့ ဆိုတဲ့အချက်တွေ ဆွေးနွေးဆုံးဖြတ်ကြတယ်” ဟု တောင်ပိုင်းဝ တပ်ဖွဲ့ ခေါင်းဆောင်များနှင့် ရင်းနှီးသူတဦး ကပြောသည်။
“အကြောင်းအမျိုးမျိုးကြောင့် အဲဒီတပ်စခန်းတွေမဖြစ်မနေ လက်လွတ်လိုက်ရရင်တောင်မှ ပြန်တိုက်ယူမှာဘဲ။ အခု အဲဒီတပ် တွေ ရုတ်မပေးနိုင်လို့ စစ်အစိုးရ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း ၅ ရင်း ရောက်နေတယ်ဆိုတာ ကျနော်တို့ကို ခြိမ်း ခြောက်တာဖြစ်တယ်။ တကယ်တမ်းတော့မလာသေးပါဘူး။ ကျနော်တို့ဘယ်သွားသွား သတင်းပေးပို့ရမယ် ဆိုတဲ့ကိစ္စက တော့ လိုက်လုပ်ကြည့်ပါမယ်” - ဟု ဝတပ်မှူး တဦးက ဆိုသည်။
ဒေသခံကုန်သည်တဦး၏ ပြောပြချက်အရ စစ်အစိုးရတပ်ဘက်မှ တပ်ရင်းများ တပ်စခန်းများ အသင့်အနေအထား စစ်ရေး ပြင်ဆင်ထားသလို ဝ တောင်ပိုင်းတပ်ဖွဲ့ကလည်း စားနပ်ရိက္ခာ၊ လူသူလက်နက် အဆင်သင့် ဖြည့်တင်းသည့်အပြင် ကျေးရွာတွင်း မြို့တွင်း မိသားစုနှင့်နေသည့် ဝ စစ်သား/အရာရှိများလည်း တပ်စခန်းအသီးသီးပြန်နေကြကြောင်း ဆိုပါ သည်။
ဝ တပ်ဖွဲ့ နှင့် စစ်အစိုးရ တို့၏ တင်းမာလာသော ဆက်ဆံရေးကြောင့် တောင်ပိုင်း နှင့် မြောက်ပိုင်း ဝ တပ်ဖွဲ့လည်း အတက် အဆင်း ကျဲသွားပြီး မလိုအပ်လျှင် ခရီးမသွားကြတော့ကြောင်း၊ ကြေးနန်း/ဖုန်းဖြင့်သာဆက်သွယ်သွားရန် မေလလယ်ပိုင်း ကစပြီး ဝ အကြီးအကဲများ ညွှန်ကြားထားကြောင်း၊ စစ်အစိုးရဘက်ကလည်း ဒေခံပြည်သူများအား သတိရှိရှိသွားလာနေ ထိုင်ကြဖို့ မေလ ၉ ရက် ကတည်းက ဗျူဟာမှူးရှင်းလင်းခဲ့ကြောင်း သိရပါသည်။