ဖမ်းဆီးခံ လူငယ်နှစ်ဦး၏ မိသားစုများအား ထိုင်းရောက်ရခိုင်များ ကြိုဆိုမည်

ဖမ်းဆီးခံ လူငယ်နှစ်ဦး၏ မိသားစုများအား ထိုင်းရောက်ရခိုင်များ ကြိုဆိုမည်
by -
နိရဥ္စရာ

ထိုင်းနိုင်ငံတွင် လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များအား ထိုင်းနိုင်ငံရောက် ရခိုင်များ ကြိုဆိုနေရာ ချပေးသွားမည်ဟု သတင်းရရှိသည်။

“သူတို့တွေကို ကြိုဆိုနေရာချထားဖိို့ ထိုင်းမှာလည်း အားလုံးအဆင်သင့်ဖြစ်နေပြီလို့ သိရတယ်။ ဒီက ထွက်နိုင်ဖို့သာလိုပြီ”ဟု ဖမ်းဆီးခံ လူငယ်နှစ်ဦးအရေး လိုက်ပါ ကူညီဆောင်ရွက်နေသူ ရန်ကုန်ရှိ ရခိုင်လူငယ်အဖွဲ့အစည်းမှ ကိုဖိုးသားက ပြောသည်။

safe image

စက်တင်ဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သော ထိုင်းနိုင်ငံ တောင်ပိုင်း ကော့ထောင် (လိပ်ကျွန်း) ဗြိတိန် နိုင်ငံ သား နှစ်ဦး အသတ်ခံရမူနှင့် ပတ်သက်ပြီး ရခိုင် အလုပ်သမား လူငယ် နှစ်ဦး ဖြစ်ကြသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား ထိုင်းအာဏာပိုင်များက စွပ်စွဲ ဖမ်းဆီးထားသည်။

သူတို့နှစ်ဦး၏ မိဘ ဆွေမျိုးများမှာ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်တွင် နေထိုင်နေကြသူများ ဖြစ်ကြပြီး အဆိုပါ ဖြစ်ရပ်ကြောင့် ယခုအခါ သူတို့၏ သားနှစ်ဦးတွေ့ဆုံရန် အတွက် ထိုင်းနိုင်ငံသို့သွားရန် စီစဉ်နေကြသည်ဟု သိရသည်။

ယခုအခါ မိသားစုဝင်များအနေဖြင့် နိုင်ငံကူးလက်မှတ်(Passport)ကို ရရှိထားပြီဖြစ်ပြီး ဗီဇာရရှိရန်သာ လိုတော့ပြီဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်များ ခေတ္တတည်းခိုနေထိုင်ရာ ရန်ကုန်မြို့၊ ဒဂုံတောင်ရှိ ထန်းသွယ် ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းမှ ဦးပဇင်းတစ်ပါးက မိန့်သည်။

“ တနင်္လာနေ့မှ သံရုံးကိုသွားပြီး ဗီဇာသွားလုပ်ပါတယ်။ ဗုဒ္ဓဟူး၊ ကြာသပတေးလောက်ဆို ရင်တော့ ဗီဇာရလောက်တယ်။ ဗီဇာရမှ ထိုင်းကိုသွားဖြစ်မယ်”ဟု အဆိုပါဦးပဇင်းက နိရဥ္စရာသို့ မိန့်သည်။

ထိုင်းနိုင်ငံသို့သွားရောက်ပြီး သူတို့၏ သားနှစ်ဦးနှင့်တွေ့ဆုံ နိုင်ရန် ပြည်တွင်းပြည်ပ ရခိုင်လူမှု အဖွဲ့အစည်းများက ကူညီထောက်ပံ့ပေးထားသည်ဟု သိရသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၁၅ ရက်က ထိုင်းနိုင်ငံရှိ ကော့တောင်ကျွန်း(လိပ်ကျွန်း)တွင် ဗြိတိန် စုံတွဲ အသတ်ခံံရမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံံတွင်အလုပ်လုပ်ကိုင်နေသည့် ရခိုင်တိုင်းရင်းသားနှစ်ဦးကို လူသတ်မှုတွင်ပါဝင်သည်ဟု ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲထားခြင်းဖြစ်သည်။

ယင်းလူငယ်နှစ်ဦးမှာ လူသတ်မှုကိုကျူးလွန်ခဲ့သည့် အမှန်တကယ် တရားခံအစစ်မဟုတ်ဟုလည်း လေ့လာသူ များက သုံးသပ်ပြောဆိုနေကြသည်။

ယခုအမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ၏တရားစီရင်မည့်အပိုင်းကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ က စောင့်ကြည့်လျက်ရှိနေသည်။

၁၉၈၆ ခုနှစ်အတွင်းကလည်း ထိုင်း-အမေရိကန် ဆယ်ကျော်သက်တစ်ဦးသည် ထိုင်းနိုင်ငံ၊ ဆမွတ်ပရာ ကန် ပြည်နယ်တွင် အသတ်ခံခဲ့ရရာ ယင်းအမှုနှင့်ပတ်သက်ပြီး အမျိုးသားလေးဦးကို ထိုင်းတရားရုံးက မှားယွင်းစွာ တရားစီရင်ခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း အောက်တိုဘာ ၁၆ ရက်နေ့ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြထားသည်။

Most read this week