ဗြိတိန်စုံတွဲကို သတ်သည်ဟုဆိုကာ ထိုင်းရဲတို့ ဖမ်းဆီးထားသော မြန်မာနိုင်ငံသားနှစ်ဦး၏ မိဘများ အောက် တိုဘာ ၂၂ ရက်တွင် ထိုင်းနိုင်ငံသို့သွားရောက်မည်ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ဦးတင်ထူးအောင်က မဇ္စျိမကိုပြောသည်။
လူသတ်မှုဖြင့်ဖမ်းဆီးခံထားရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းဦးတို့၏ မိဘများ နိုင်ငံကူးလက် မှတ်နှင့် ပြည်ဝင်ခွင့်ဗီဇာ ရရှိပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဒီလ ၂၂ ရက်နေ့အတွက် လေယဉ်လက်မှတ်ဝယ်ထားပြီဖြစ်ပါတယ် “ဟု ဦးတင်ထူးအောင်က ပြော သည်။ အောက်တိုဘာ ၂၁ ရက်တွင် ဗီဇာများ ထုတ်ယူရမည်ဟုလည်း သူကပြောသည်။
“အမှုနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ပြည်ထောင်စုအဆင့် ပါ၀င်တဲ့ အဖွဲ့တစ်ခုစေလွှတ်သင့်ပါတယ်” ဟုလည်း ၎င်းကပြောသည်။
အဆိုပါမိသားစုများကို အကူအညီနှင့် လှူဒါန်မှုများပြုလုပ်နိုင်ရန် ဘဏ္ဍာရေးထောက်ပံ့မှုကော်မတီ တစ်ခုဖွဲ့စည်း ထားပြီးဖြစ်ကာ ရခိုင်သဟာရအသင်းက အလှူငွေများ စတင် လက်ခံ နေပြီဖြစ်သည်။
ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦး၏ မိဘများ တည်းခိုနေထိုင်သော ရန်ကုန်ရှိ ထွန်းသွင် ဘုန်းတော်ကြီး ကျောင်းမှ ဆရာတော် အရှင်နာဂသေနက “ပြည်တွင်းပြည်ပ အလှူရှင်တွေလာကြတယ်။ တိုက်ရိုက်လှူဒါန်းမှု တွေလည်းရှိတယ်” ဟု မဇ္စျိမကိုပြောသည်။
ထိုင်းနိုင်ငံ တွင် နေထိုင်ရေးနှင့် ၎င်းတို့၏ သားများနှင့်တွေ့ဆုံနိုင်ရေး၊ လုံခြံုရေးကိစ္စများ ကို မြန်မာသံရုံးနှင့် ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားသူများက ကူညီရန် စီစဉ်ထားသည်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ကော့တောင်(ခိုတောင်)ကျွန်း၌ ဗြိတိန်စုံတွဲသေဆုံးမှုကို မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းဦးတို့ ကျူးလွန်ခြင်းဖြစ်သည် ဟု စက်တင်ဘာ ၁၅ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိုအမှုကို ရင်ဆိုင်နိုင်ရန် ထိုင်းရှေ့နေများကောင်စီနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအထူးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်ထားသည်။