ဖားကန့်ကျောက်စိမ်းမှော်အတွင်း အစိုးရတပ် အင်အားတိုးမြှင့်

ဖားကန့်ကျောက်စိမ်းမှော်အတွင်း အစိုးရတပ် အင်အားတိုးမြှင့်
by -
မဇ္စျိမ

ဖားကန့်ကျောက်စိမ်းမှော်ဒေသအတွင်း ကချင်လွတ်မြောက်ရေးတပ် (KIA)၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ အနီးသို့ အစိုးရ စစ်တပ် အင်အားတိုးမြင့်မှု ရှိနေသည်ဟု ဒေသခံများနှင့် ကေအိုင်အေ တပ်ရင်း ၆ တပ်မှူး ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

အစိုးရဘက်မှ တပ်ဆုတ်ပေးရန် ထပ်မံ ပြောဆိုလာခြင်း မရှိတော့သော်လည်း ကေအိုင်အေ တပ်ရင်း ၆ ရှိရာသို့ အောက်တိုဘာလ ၁၈ ရက်တွင် ဖားကန့် လုံးခင်းဘက်မှ အစိုးရ စစ်ကားတစ်စီးသည် ထပ်မံ အင်အားဖြည့်တင်းလာနေသည်ဟု သိရသည်။

“ဒီနေ့တော့ အစိုးရဘက်က အင်အားထပ်ဖြည့်နေတယ်။ ဒီမနက်လည်း ကားတစီး အင်အား ၄၀ လောက် ထပ်ဖြည့် တယ်။ လုံးခင်းကနေ ကံစီးဘက်လာနေတယ်။ စစ်ရေးကတော့ သူတို့လည်း မဆုတ်ဘူး။ ကျွန်တော်တို့ ဘက်ကလည်း မဆုတ်ဘူး။ ကျွန်တော်တို့လည်း ဗဟိုက မဆုတ်ခိုင်းဘူးဆိုတော့ ဆုတ်ဖို့ မရှိဘူး”ဟု ဗိုလ်မှူးတန်ဆိုင်းက မဇ္စျိမကို ပြောသည်။

မူလက တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ခမရ ၁၊ ၄၊ ၅ နှင့် ၁၁ တို့မှ စစ်အင်အား ၅၀၀ ခန့် ရှိနေပြီး အစိုးရဘက်မှ စစ်ရေးလှုပ်ရှားမှုများ ရှိနေဆဲ ဖြစ်သည်ဟု သူက ဆိုသည်။

ကေအိုင်အေဘက်မှ ဆုတ်ခွာပေးခြင်း မရှိသလို၊ ကျေးရွာလူကြီးများမှ လာရောက် ပြောဆိုမှုကိုလည်း လက်မခံမည် မဟုတ်ကြောင်း အောက်တိုဘာလ ၁၇ ရက်က အစိုးရ စစ်တပ်ထံ ပြောဆိုလိုက်သည်ဟု ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

 “မနေ့က ကျွန်တော်တို့ ပြောလိုက်တယ်။ ကျွန်တော်တို့ဘက်က တစ်လက်မမှ မဆုတ်နိုင်ဘူး။ ဒါကြောင့် ရွာသားတွေကို လာပြောခိုင်းတာ လုံးဝ လက်မခံတော့ဘူးလို့ ပြောလိုက်တယ်”ဟု သူက ပြောသည်။

တပ်မ ၆၆ တပ်မမှူး ဒုဗိုလ်မှူးကြီး ကျော်ဇော်ယျက ကေအိုင်အေ၏ တပ်ရင်း ၆ နေရာမှ ဆုတ်ခွာပေးရန် အောက်တိုဘာလ ၁၄ ရက်မှ ၁၇ ရက်ထိ အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း ယနေ့တွင်မူ ဆုတ်ခွာပေးရန် ထပ်မံ သတိပေးခြင်း မရှိတော့ဘဲ အင်အားတိုးမြင့်လာနေသည်ဟု သူက ဆိုသည်။

အောက်တိုဘာလ ၁၇ ရက်က ဖားကန့်၊ လုံးခင်းမှာ ဘာသာရေးခေါငး်ဆောင်များနှင့် အမျိုးသား ဒီမုုိကရေစီ အဖွဲ့ချုပ်(NLD) အဖွဲ့တို့က ကားအစီး ၅၀ ခန့်ဖြင့် အောင်မြင်သာရွာသားများကို သွားရောက်ခေါ်ယူခဲ့ရာ ဆန်ခါ ကျေးရွာအရောက်တွင် အစိုးရစစ်တပ်က တားမြစ်ခဲ့သဖြင့် လှည့်ပြန်ခဲ့ရသည်ဟု  ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

“ရွာသားတွေကို သွားခေါ်တာ မသွားခိုင်းဘူး။ လုံးခင်းဘက်မှာ ဘာသာရေးဆရာတွေ၊ အန်အယ်ဒီတွေ ကားအစီး ၅၀ လောက်နဲ့တက်လာခေါ်တာ အစိုးရစစ်တပ်က တားမြစ်လို့ လှည်ပြန်သွားတယ်။ တိုက်ပွဲမဖြစ်တော့ဘူးဆိုပြီး ဗျူဟာမှူးက ပြောတယ်ဆိုပြီး မပြောင်းရဘူးလို့ ပြောခိုင်းတယ်ကြားတယ်”

ကေအိုင်အေ တပ်ရင်း ၆ အနီးရှိ အောင်ဘာလေကျေးရွာတွင် လူဦးရေ ၁၀၀၀ ကျော်ရှိကာ တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် စာသင်ကျောင်းများ လေးရက်ကြာ ပိတ်ထားလိုက်ကာ ရွာသားများ ရွာပြင်သို့ ထွက်ခွာရန် အစိုးရ စစ်တပ်က တားမြစ်ထားသဖြင့် မိမိနေအိမ်ထဲတွင် ပစ္စည်းများ ထုတ်ပိုး၍ အဆင်သင့်စောင့်ဆိုင်းနေကြသည်ဟု အောင်ဘာလေကျေးရွာမှ ဘာသာရေးဆရာတစ်ဦးက မဇ္စျိမကို ပြောသည်။

“ဒီနေ့က အိပ်ယာလိတ်ပြီးတော့ အဆင်သင့်နေနေကြတယ်။ ရွာပြင်လည်း မထွက်ခိုင်းဘူး။ အစိုးရ စစ်တပ်ကတော့ ဥရုချာင်းရဲ့ တဖက်ကမ်းမှာ စစ်အင်အားတော့ ဖြည့်နေတယ်။ ကံစီးနဲ့ အောင်ဘာလေ လမ်းတလျှောက်တော့ အဝင်အထွက်လူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်။ မှတ်ပုံတင်တယ်”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကုန်ပိုင်းကလည်း ဖားကန့်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် ကေအိုင်အေတပ်တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သဖြင့် ဒေသခံ စစ်ပြေး ဒုက္ခသည် ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။