ရခိုင်ကမ်းရိုးတန်းတွင် သီရီလင်္ကာ ငါးဖမ်းလှေသုံးစီးကို ဖမ်းမိထားသည်မှာ ၁၀ ရက်ခန့်ရှိပြီ ဖြစ်သော်လည်း စက်လှေပိုင်ရှင်များက ဆက်သွယ်လာခြင်း မရှိသေးဟု ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဒု-ဦးစီးမှူး ဦးစံအောင်ကျော်က အောက်တိုဘာ ၁၇ ရက်တွင် မဇ္စျိမကို ပြောသည်။
မြန်မာ့ ရေပိုင်နက်၊ ရခိုင်ကမ်းရိုးတန်းတွင် အောက်တိုဘာ ၉ ရက်က ငါးဖမ်းလှေ သုံးစီးနှင့်အတူ လူ ၁၆ ယောက်ကိုပါ ဖမ်းဆီးရမိထားသည်။
“လောလောဆယ်တော့ ထိန်းသိမ်းထားတုန်း ရှိသေးတယ်”ဟု ဦးစံအောင်ကျော်က ပြောသည်။
ဖမ်းမိထားသူများကို အောက်တိုဘာ ၂၀ ရက်တွင် ကျောက်ဖြူ တရားရုံး၌ ရုံးတင် စစ်ဆေးမည်ဖြစ်သည်။ ရခိုင်ကမ်းရိုးတန်းတွင် ကမ်းဝေး ငါးဖမ်းရေယဉ်များ တရားမဝင် ဝင်ရောက်မှုများ စောင့်ကြည့်ရန် လုံခြံုရေး ကင်းလှည့်ရေယဉ်များ ပိုမိုလိုအပ်သည်ဟု ဦးစံကျော်အောင်က ပြောသည်။
ခိုးဝင်ငါးဖမ်းလှေများကြောင့် ပြည်တွင်းလုပ်ငန်းရှင်တို့ အခက်အခဲများစွာ ကြံုတွေ့နေရသည်ဟု ဂွမြို့နယ် ကမ်းနီး ငါးလုပ်ငန်းရှင်အသင်း အဖွဲ့ဝင် ဦးသက်ရှင်းက ပြောသည်။
“အချို့ ကမ်းနီးယဉ်တွေ လုပ်စားလို့မရလို့ နားလိုက်ကြပြီ”ဟု ၎င်းကဆိုသည်။
သီရိလင်္ကာ၊ ထိုင်း နှင့် အခြားသော နိုင်ငံများမှ ကမ်းဝေးရေယဉ်များ နှစ်စဉ် ဝင်ရောက်နေပြီး ယခုနှစ်တွင် ပိုမိုများပြားလာသည်ဟု ဦးသက်ရှင်းက ဆိုသည်။
ရခိုင်ကမ်းရိုးတန်းတွင် တရားမဝင် ငါးဖမ်းလှေများ၊ တရားမဝင် အရက်များနှင့် ကုန်ပစ္စည်းသယ်ဆောင်လာ သည့် လှေများနှင့် သစ်မှောင်ခိုလှေများ မကြာခဏ ဖမ်းမိသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆိုသည်။