တောင်ကြီးတွင် မြေပြို၍ လူ ၅ ဦးသေဆုံး

တောင်ကြီးတွင် မြေပြို၍ လူ ၅ ဦးသေဆုံး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် တောင်ကြီးမြို့  ကျောင်းကြီးစု ရပ်ကွက်၊ နယ်မြေ  ၁၀  ခွာညို လမ်းတွင် လူနေအိမ် ပြိုကျမှုကြောင့် လူ ၅  ဦးသေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း သတင်း ရရှိသည်။

အောက်တိုဘာ ၁၇  ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပါနန်းခေါင် (ခ) ဒေါ်ရှမ်းမဆိုသူ၏ အိမ်၌ ကာထားသည့်အုတ်တံတိုင်းသည် ရေအရှိန်ဖြင့်ပြို ကျခဲ့ပြီး နေအိမ်ပါ ထပ်မံပြိုကျခဲ့ရာမှ လူပါ ပိမိသေဆုံးခဲ့ခြင်းဖြစ် သည်။

TGI - Erosion

“လူတွေကမြေကြီးထဲမှာ ပိတ်မိနေကြတာလေ။ ကျနော်တို့ မြေကော်စက်တွေနဲ့ တူးပြီးရှာခဲ့ရတယ် ”ဟု အခင်းဖြစ်ပွား ရာနေရာသို့ရောက်နေသည့် ကယ်ဆယ်ရေးလုပ်သားတစ်ဦးက ပြောသည်။

ယင်းမြေပြိုကျမှုကြောင့် မြေကြီးအောက်မှ ဦးစိုင်းစံညွန့်နှင့် နန်းမွေခမ်း ၊ နန်းသန်းမေ၊ နန်းခေါ်၊ ပါနန်းခေါင်(ခ) ဒေါ်ရှမ်းမ တို့ ၅ ဦး၏ရုပ်အလောင်းများတွေ့ရှိခဲ့ပြီး ကျောင်းသား/သူ များဖြစ်ကြသော စိုင်းထွန်းလင်း၊ နန်းလောင်ခေးစံ နန်းကောင်ခေး တို့မှာ ဒဏ်ရာများဖြင့် တွေ့ရှိခဲ့သည်။

“ မနေ့က တစ်နေကုန် မိုးတအားကြီးတာ။ ရေတွေလျှံတာ လမ်းတွေလည်းပျက်ကုန်တယ်လေ။ အခုမြေပါပြိုတာပေါ့ ခုသေသွားတဲ့ထဲမှာ မိုင်းတုံကဧည့်သည်တွေပါတယ်” ဟု အခင်းဖြစ်ပွားသည့်နေရာမှ အိမ်နီးချင်းများက ပြောသည်။

ဒဏ်ရာရသူများကို တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံကြီး အရေးပေါ်လူနာဌာနသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဂျွန်လကလည်း ဖရဲငွေတောင်ရွာဘက်တွင် မိုးရွာသွန်းမှုကြောင့် လူနေအိမ်ပေါ်မြေပြိုကာ ၃ ဦးသေဆုံးခဲ့သည်။