ကမ္ဘာ့ စိတ်ကျန်းမာရေးနေ့ ကရင်နီဒုက္ခသည်စခန်းတွင် ပြုလုပ်

ကမ္ဘာ့ စိတ်ကျန်းမာရေးနေ့ ကရင်နီဒုက္ခသည်စခန်းတွင် ပြုလုပ်
by -
ကန္တာရဝတီတိုင်းမ်

အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ စိတ်ကျန်းမာရေးနေ့ (world mental health day) ကို ထိုင်း-မြန်မာနယ်စပ်က ကရင်နီ ဒုက္ခသည်စခန်းအမှတ် ၁ တွင် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၁၄ ခုနှစ် ကမ္ဘာ့ စိတ်ကျန်းမာရေးနေ့ ၏ ဆောင်ပုဒ် မှာ “စိတ်ကျန်းမာရေး ချို့တဲ့သူကို ချစ်ခင်မှု နှင့် နာလည်မှု ပေးကြပါ” ဖြစ်ပြီး ၎င်းဆောင်ပုဒ် နှင့်ပတ်သက်၍ ကရင်နီကျန်းမာရေးဌာနမှ အရာရှိ တဦးဖြစ်သူ ဆရာဟဲနရီက “အဓိကရည်ရွယ်ချက်က ကျနော်တို့ဒီမှာရှိတဲ့ ကျနော်တို့ ကရင်နီလူထုတွေပေ့ါနော ဒီမှာရှိတဲ့လူထုတွေကို ဥပမာ- စိတ်ကျန်းမာရေး စိတ်ရောဂါနဲ့ ခံစားတဲ့လူတွေကို ကျနော်တို့ ဘယ်လိုမျိုးချစ်ခင်ရမယ်၊ နားလည်မှုပေးရမယ် ပေါ့နော။ ပြီးတော့ ဒီနောက်ပြီးတော့ ကျနော်တို့ ကရင်နီကျန်းမာရေး ကျနော်တို့ဒီကရင်နီဒုက္ခသည်မှာဆိုလို့ရှိရင် စိတ်ပိုင်းဆိုင်ရာလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆောင်ပုဒ်ဖြစ်လာအောင် သူတို့ကို အသိပေးချင်တာ ပေ့ါနော” ဟုဆိုသည်။

come-camp

စခန်းတွင်း နေထိုင်သူ ဒုက္ခသည်များမှာ နိုင်ငံရေး အခြေအနေများကြောင့်လည်းကောင်း၊ တတိယနိုင်ငံသို့ အခြေချရေး ကြောင့်လည်းကောင်း၊ မိသားစု ပြဿနာများကြောင့်လည်းကောင်း စိတ်ဖိစီးမှု များကာ အရက်သေစာ သောက်သုံးသူများ များပြားလာကြောင်း ဆရာ ဟဲနရီ၏ အဆိုအရသိရသည်။

“ကျနော်တို့စခန်း ထဲမှာဆိုလို့ရှိရင် ဟိုဥစ္စာ စိတ်ပိုင်းဆိုင်ရာတွေမှာ ပိုပြီးတော့မှ တဖြည်းဖြည်းများလာတယ်။ … ဒီ ကျနော်တို့ စခန်းလူထုအနေနဲ့လည်း အဲလိုမျိုးဖြစ်လာမယ်ဆိုလို့ရှိရင် ကျနော်တို့ ဆေးခန်းမှာ လာပြီးတော့မှ လာပြပေးဖို့ လာကုသခံယူဖို့ အဲဒါကျနော်တို့ပြောချင်တယ်” ဟု ဆရာဟဲနရီ ကဆက်ပြောသည်။

အခမ်းအနားတွင် ကမ္ဘာ့ စိတ်ကျန်းမာရေးနေ့ ဆောင်ပုဒ်နှင့် သက်ဆိုင်သော အက၊ သီချင်း၊ သရုပ်ဖော်ပြဇာတ်များဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

“ညီမလေးစိတ်ထဲမှာ တစ်မျိုးခံစားရတယ်ပေါ့ ဘာဖြစ်လို့လဲဆိုတာက အဲဒီ ညီမလေးလည်းဘာလဲ မိဘနဲ့ဝေးတယ်ကော…။ မိဘနဲ့ဝေးပြီးမှ အဲဒီမျိုးပြဇာတ်နဲ့တွေ့ရတာက ငိုချင်လည်းငိုချင်တယ် ပြီးတော့ အဲလိုမျိုးပြန် စိတ်ထဲမှာလည်း ထိခိုက်သွားတယ်ပေ့ါနော အဲလိုစဉ်းစားတယ် ပညာရသွားတာလည်း ရှိလည်းရှိတယ်” ဟု ပွဲကြည့်လာသူ ကျောင်းသူမလေး မမူပန် က သူမရဲ့ခံစားချက်ကို ပြောသည်။

ထိုင်း- မြန်မာ နယ်စပ်ရှိ ကရင်နီဒုက္ခသည် စခန်းအမှတ် (၁) နှင့် (၂) တို့တွင် ကရင်နီကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေပြီး စခန်းတွင်း ရှိ စိတ်ရောဂါ ဝေဒနာရှင်များ အတွက် လိုအပ်ချက်များ ကို ပံ့ပိုးကူညီခြင်း၊ နိပ်နယ်ပေးခြင်း၊ ကိုယ်လက် လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း စသည့် လုပ်ရှားမှုများကို ပြုလုပ်ပေးနေကြောင်း သိရသည်။

ယခုလို စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အခမ်းအနားကို ကရင်နီဒုက္ခသည် စခန်းများအတွင်း ကျင်းပလာသည်မှာ ယခုတကြိမ်ပါလျှင် ၃ ကြိမ်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (world health organization) ၏ အင်တာနက်စာမျက် နှာပေါ် ဖော်ပြချက်အရ ကမ္ဘာ့ လူဦးရေ ပေါင်း ၂၁ သန်းကျော်ခန့်တွင် စိတ်ရောဂါဖြစ်ပွားမှုရှိနေကြောင်း သိရသည်။