ရုပ်သံလွှင့် ဥပဒေကြမ်း လွှတ်တော် ကိုင်တွယ်မှု မျှတရန် တိုက်တွန်းမည်

ရုပ်သံလွှင့် ဥပဒေကြမ်း လွှတ်တော် ကိုင်တွယ်မှု မျှတရန် တိုက်တွန်းမည်
by -
မဇ္စျိမ

ရုပ်သံထုတ်လွှင့်ခြင်း ဆိုင်ရာတို့တွင် အစိုးရက ဆက်လက်ချုပ်ကိုင်နိုင်စေမည့် ပြဋ္ဌာန်းချက်များ ပါဝင်နေ၍ မျှတမှုရှိစေရေး လွှတ်တော်များ ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ)က တိုက်တွန်း မည်ဟု အတွင်းရေးမှူး ဦးကျော်မင်းဆွေက အောက်တိုဘာ ၁၇ ရက်တွင်ပြောသည်။

ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုအပြီးတွင် ယင်းသို့ အချက်များအတိုင်း ပြဋ္ဌာန်းလိုက်ပါက လွှတ်တော်တို့၏ ဂုဏ်သိက္ခာ ထိခိုက်စေမည်ဟုလည်း မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ဝေဖန်သည်။

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲကာ အမျိုးသားလွှတ်တော်မှ တစ်ဆင့် တင်သွင်းလာသည့် ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် အစိုးရပိုင်နှင့် ပုဂလိကပိုင် မီဒီယာတို့အကြား မမျှတမှုများ၊ မရှင်းလင်းသည့်အချက်များ ပါဝင်နေသည် ဟုလည်း ပြောသည်။

အမျိုးသားလွှတ်တော်ကမူ အောက်တိုဘာ ၁၄ ရက်တွင် အဆိုပါ ဥပဒေကြမ်းကို ကန့်ကွက်သူမရှိ အတည်ပြု လိုက်ပြီဖြစ်ပြီး ပြည်သူ့လွှတ်တော်၌ ဆက်လက်ဆွေးနွေးရန် ရှိစဉ် သတင်းမီဒီယာ ဆိုင်ရာ အဖွဲ့အစည်းများ၊ တာဝန်ရှိသူများက ဝေဖန်ကြခြင်း ဖြစ်သည်။

“သေချာနားမလည်ဘဲ အရမ်းကာရော အတည်ပြုလိုက်မယ်ဆိုရင် တချိန်မှာ ပြဿနာတွေ တက်လိမ့်မယ်”ဟု ဦးကျော်မင်းဆွေ က ပြောသည်။ လွှတ်တော်သို့သည် ဥပဒေကြမ်း မဆွေးနွေးမီ သက်ဆိုင်ရာ အဖွဲ့အစည်း များ၊ ကျွမ်းကျင်သူများ၊ မီဒီယာလုပ်ငန်း လုပ်ကိုင်နေသူများ၏ သဘောထားနှင့် အကြံပြုချက်ရယူသင့်သည် ဟုလည်း တိုက်တွန်းသည်။

ထို့ကြောင့် အောက်တိုဘာ ၁၇ ရက်က စာနယ်ဇင်းကောင်စီ (ယာယီ)က အစည်းအဝေးပြုလုပ်ခဲ့ပြီး လွှတ်တော် များသို့ တိုက်တွန်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်၌ အတည်ပြုခဲ့သည့် ဥပဒေကြမ်းအရ လုပ်ကိုင်ခွင့်ရပါက ပုဂ္ဂလိကလုပ်ငန်းရှင်များမှ လိုင်စင်ကြေး ပေးသွင်း၍ လိုင်စင်လျှောက်ရမည်ဟု သတ်မှတ်ထား သော်လည်း အများပြည်သူဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ၀န်ဆောင်မှုလုပ်ငန်း၊ စီးပွားဖြစ်မဟုတ်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ၀န်ဆောင်မှုလုပ်ငန်း၊ ဌာနပိုင် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ၀န်ဆောင်မှုလုပ် ငန်းတို့ကို လိုင်စင်ကြေး ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုရမည်ဟု ပါ၀င်သည်။

ထို့ပြင် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှု ဇုန်တစ်ခုတွင် ပုဂ္ဂလိက သတင်းစာလုပ်ငန်းနှင့် ပုဂ္ဂလိက ရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်ခြင်း ၀န်ဆောင်မှု လုပ်ငန်းများကို ပူးတွဲပိုင်ဆိုင်ခွင့် မပြုဆိုသော အချက်ဖြင့် ပုံနှိပ်နှင့် ရုပ်သံတွဲဖက် လုပ်ကိုင်ခြင်းကို ခွင့်မပြုကြောင်း ထပ်မံကန့်သတ်ထားသည်။

ထိုသို့ ကန့်သတ်မှုများစွာပါ၀င်နေသည့် ဥပဒေသည် ပုဂ္ဂလိက မီဒီယာကို အကျိုးရှိစေမည့် စေတနာများ မဟုတ်ဘဲ ဖိနှပ်ချုပ်ချယ်ရန် ရေးဆွဲထားသည့် ဥပဒေသာဖြစ်သည်ဟု အွန်လိုင်းရုပ်သံ မီဒီယာဌာန တစ်ခုအဖြစ်ရပ်တည်နေသည့် ကမာရွတ်မီဒီယာ အမှုဆောင် ထုတ်လုပ်ရေးမှူး ဦးနေသန်မောင်က သုံးသပ်သည်။

“အများပြည်သူဝန်ဆောင်မှု မီဒီယာဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံစံပြောင်းပြီး မောင်ပိုင်စီးဖို့ ရေးဆွဲထား တာပါ။ ကော်မ တီတွေ အဖွဲ့တွေသာ နာမည်ပြောင်းသွားတာ ဒီလူတွေနဲ့ပဲ ပြန်အုပ်ချုပ်ဖို့ လုပ်နေတာ”ဟု ၎င်းက ပြောသည်။

ရုပ်သံထုတ်လွှင့်ခြင်းလုပ်ငန်းသည် မီဒီယာလုပ်ငန်းတွင် သက်ရောက်မှု အရှိဆုံးနှင့် ကျယ်ပြန့်သည့် လုပ်ငန်းအမျိုးအစား ဖြစ်သည့်အပြင် သာမန်လူနားလည် ရန်ခက်ခဲသော နည်းပညာ ပိုင်းဆိုင်ရာများ ပါ၀င်သောကြောင့် ဆွေးနွေးကြမည့် လွှတ်တော်အမတ်များ အသေးစိတ်လေ့လာစေလိုကြောင်း DVB ရုပ်သံသတင်းဌာနမှ မြန်မာဗျူရိုတာဝန်ခံ ဦးတိုးဇော်လတ်က တိုက်တွန်းသည်။

“လွှတ်တော် ကိုယ်စားလှယ်အများစုက ဒီဥပဒေကို နားလည်မှု အရမ်းအားနည်းနေတယ်။ အမျိုးသား လွှတ်တော်မှာဆို နာရီပိုင်းလောက်ပဲ ဆွေးနွေးပြီး အတည်ပြုလိုက်တာပါ။ သေချာ နားမလည်ဘဲ ဘုမသိဘမသိနဲ့ ဥပဒေကို အတည်ပြုလိုက်ရင် အကျိုးမရှိတာတွေ ဖြစ်လာမှာပါ”ဟု ၎င်းကပြောသည်။

အမျိုးသားလွှတ်တော် မကွေးတိုင်း အမှတ် ၁၂ မဲဆန္ဒနယ်အမတ် ဦးလှဆွေကမူ အဆိုပါ ဥပဒေသည် နိုင်ငံ တကာ လုပ်ထုံး လုပ်နည်းများနှင့် အညီဖြစ်၍ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်း ဟုဆိုသည်။

“ကိစ္စတစ်ခုကို သတင်းစာရောရုပ်သံရော ပိုင်တဲ့ကုမဏီ တစ်ခုက သူတို့ လိုချင်တဲ့အတိုင်း ဘက်စုံကနေဖွ လိုက်ရင် တိုင်းပြည် ငါးပါး မှောက်နိုင်တယ်၊ ဒါကြောင့်ရုပ်သံနဲ့ သတင်းစာ တွဲလုပ်ခွင့် မပြုတာ” ဟု ပြောသည်။

လက်ရှိတွင် ရေဒီယို၊ ရုပ်သံထုတ်လွှင့်ခွင့်နှင့် သတင်းစာ ထုတ်ဝေခြင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ တပ်မတော်နှင့် ၀န်ကြီးဌာနက ခွင့်ပြုထားသော ပုဂ္ဂလိကလုပ်ငန်းရှင်များသာ ရရှိထားသည်။

သို့သော ထပ်မံလျှောက်ထားလိုပါက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းပြီး မှ ဖြစ်နိုင်မည်ဟု ၀န်ကြီး ဦးရဲထွဋ်က ပြောထားသည်။

၂၀၁၁ခုနှစ်နောက်ပိုင်းမှ ပေါ်ထွန်းခွင့်ရသည့် ပုဂလိက မီဒီယာတို့နှင့် အစိုးရ၊ အစိုးရက ကြိုတင်လုပ်ပိုင် ခွင့် ပေးထားသည့် ပုဂ္ဂလိကမီဒီယာတို့ မည်သည့်အချိန်တွင် မျှတသော ယှဉ်ပြိုင်ခွင့် ရမည်နည်းဟု မဇ္စျိမက မေးမြန်းရာတွင်မူ “အဲဒါကတော့ ရုပ်သံလွှင့် ဥပဒေအတည်ပြုပြီးမှပဲ ဖြစ်မှာပါ။ အဲဒီဥပဒေမူကြမ်း မှာကိုုကမျှတ တဲ့ယှဉ်ပြိုင်မှုဖြစ်စေတဲ့အချက်များ ပါ၀င်ပါတယ်”ဟု ဦးရဲထွဋ်က ပြောသည်။

Sky Net၊ Forever ကုမ္ပဏီတို့ကို ရုပ်သံထုတ်လွှင့်ခွင့်၊ မြို့တော် FM၊ မန္တလေး FM၊ ချယ်ရီ FM၊ ရွှေ FM၊ ပဥ္စဝတီ FM၊ ပတ္တမြား FM၊ ပုဂံ FM နှင့် သဇင် FM တို့ကို FM ရေဒီယို လိုင်းများအဖြစ် ပြန်ကြားရေး ဝန်ကြီးဌာနက ခွင့်ပြုထားသည်။

Most read this week