ထိုင်းရဲတို့ ထိန်းသိမ်းထားသည့် တရားလိုပြ သက်သေသုံးဦးကို မြန်မာသံရုံးသို့ လွှဲပြောင်း

ထိုင်းရဲတို့ ထိန်းသိမ်းထားသည့် တရားလိုပြ သက်သေသုံးဦးကို မြန်မာသံရုံးသို့ လွှဲပြောင်း
by -
မဇ္စျိမ

လိပ်ကျွန်း လူသတ်မှုစစ်ဆေးရာတွင် တရားလိုပြသက်သေအဖြစ် ထိုင်းရဲတပ်ဖွဲ့ က ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား သုံးဦးကို မြန်မာသံရုံးသို့ ပြန်လည်လွဲပြောင်း ပေးလိုက်ပြီဟု မြန်မာသံရုံးဦးဆောင်သော စုံစမ်းရေး(အထူး)အဖွဲ့ တာဝန်ရှိသူအချို့ ကပြောသည်။

ထိုင်းရဲများက မြန်မာနိုင်ငံသား ကိုမောင်မောင်၊ ကိုလင်းလင်းဇော်၊ မနီနီဇော်တို့ကို တရားလိုပြသက်သေ စာရင်းသွင်းထားခြင်းဖြစ်ပြီး ကော့စမွေကျွန်းတွင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။

ထိုင်းအစိုးရ၏ တရားလိုပြ သက်သေတစ်ဦးဖြစ်သူ ကိုမောင်မောင်။ (ဓာတ်ပုံ - မင်းဦး)

“တရားလိုပြသက်သေ သုံးယောက်ကို မြန်မာသံရုံးမှာ ထားမယ်။ အမှုဖြစ်စဉ်တစ် လျှောက်လုံး သူတို့လုံခြံု ရေးအတွက် သံရုံးကပဲ တာဝန်ယူမယ်လို့ ဆိုပါတယ်။ ရောက်ကတည်းက တရားလိုပြသက်သေတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တာ။ အခုမှလွှတ် ပေးတာပါ” ဟု သံရုံးအထူးအဖွဲ့မှရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

၎င်းတို့သုံးဦးကို ထိုင်းလူ့အခွင့်အရေး ကော်မရှင်ကလည်း အမှုစစ်ဆေးမှုများအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုရှိမရှိ လာရောက်တွေ့ဆုံရန် စီစဉ်ထားသည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူ အချို့ ကပြောသည်။

ထို့ပြင် လူသတ်မှုကျူးလွန်သူများဟု ထိုင်းရဲတို့ကြေညာထားသည့် မြန်မာနိုင်ငံသား ကိုဇော်လင်းဦးနှင့် ကိုဝင်းဇော်ထွန်း တို့ကိုလည်း ထိုင်းလူ့အခွင့်အရေးကော်မရှင် ကတွေ့ဆုံမေးမြန်းမည် ဖြစ်သည်။

စက်တင်ဘာ၁၅ရက်၊ ထိုင်းနိုင်ငံတောင် ပိုင်း၊ ဆူလတ်ဌာနီခရိုင် ကော့တောင်ကျွန််း (လိပ်ကျွန်း)ပေါ်၌ ဗြိတိန်ခရီးသွားစုံတွဲကို ၎င်းတို့နှစ်ဦး သတ်သည်ဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

သို့သော် ရဲတပ်ဖွဲ့၏စစ်ဆေးမှုမပြည့်စုံဟုဆိုကာ ထိုင်းအစိုးရဥပဒေရုံးက တရားစွဲဆိုခွင့် ပယ်ချထားပြီး နိုဝင်ဘာ ၈ ရက် နောက်ဆုံးထား၍ ပြန်လည်တင်ပြရန်ညွှန် ကြားထားသည်။

ယင်းကြောင့် ထိုင်းရဲတပ်ဖွဲ့က တရားလိုပြသက်သေအဖြစ် စာရင်းသွင်းထားသည့် မြန်မာသုံးဦးကို အောက်တိုဘာ ၁၄ ရက် ကော့စမွေတရားရုံးတွင် ထပ်မံစစ်ဆေးခဲ့သော်လည်း ခိုင်လုံသည့်သက်သေ မရခဲ့ ဟု မြန်မာသံရုံးအထူးအဖွဲ့မှ ဦးအောင်မျိုးသန့်ကပြောသည်။

တရားလွှတ်တော်ရှေ့နေ တစ်ဦးလည်းဖြစ်သူ ဦးအောင်မျိုးသန့်က ထိုင်းရဲတို့သည် ဗြိတိန်စုံတွဲမသေဆုံးမီ လူတစ်စုနှင့် အငြင်းပွားမှုဖြစ်ခဲ့သော AC Bar ပိုင်ရှင် သားအဖကို ယနေ့အထိ ခေါ်ယူစစ်ဆေး ခြင်းမရှိဟု ပြောသည်။

ထို့ပြင် ထိုင်းရဲတို့ ကျွန်းမှ ထွက်ခွာခွင့် ပေးလိုက်သော သေဆုံးသူတို့နှင့် ခရီးအတူ လိုက်ပါလာသူ ဗြိတိန် နိုင်ငံသား ရှောင်မတ်အန်နာကို တရားရုံးက ခေါ်ယူစစ်ဆေးပေးရန် တောင်းဆိုမည်ဟု ၎င်းကဆိုသည်

ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးကလည်း ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများ၊ မြန်မာသံအမတ်ကြီး တို့နှင့်တွေ့ဆုံပြီး အမှုစစ်ဆေးမှုများအတွင်း ပူးပေါင်းဆောင်ရွက်ရန် အောက်တိုဘာ ၁၄ရက်က ပြော ကြား ထားပြီး ထိုင်းဝန်ကြီးချုပ်ကလည်း ခွင့်ပြုထားသည်ဟု ထိုင်းသတင်းစာအချို့က ဆိုသည်။