အမေရိကန် ဆန္ဒရှိသူ အစိုးရခေါင်းဆောင်သစ် မရှိဟု သံအမတ်ပြော

အမေရိကန် ဆန္ဒရှိသူ အစိုးရခေါင်းဆောင်သစ် မရှိဟု သံအမတ်ပြော
by -
မဇ္စျိမ

အမေရိကန်အစိုးရသည် လာမည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရသစ် ခေါင်းဆောင် အဖြစ် တစ်ဦးတစ်ယောက်အား ဖြစ်စေလိုသည့်ဆန္ဒ အလျဉ်းမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောသည်။

အောက်တိုဘာ ၁၅ ရက် က ရန်ကုန်မြို့၊ အမေရိကန်သံရုံးတွင် သတင်းမီဒီယာအချို့နှင့် သီးသန့်တွေ့ဆုံစဉ် အစိုးရနှင့် ဆက်ဆံရေးပိုလာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး အေးလာသလားဟု မဇ္ဈိမ၏ အမေးကို သံအမတ်က ဖြေကြားရင်း အထက်ပါအတိုင်းထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

Americana-Ambassador

“ဘယ်ဘက်ကိုမှ မယိမ်းဘူး။ အမေရိကန်က ဒီတစ်ယောက်ကို ကြိုက်တယ်ဆိုတာမျိုး ကောလာဟလ တစ် ခါတလေ ကြားရတယ်။ လေဒီပဲဖြစ်ဖြစ်၊ ဦးသိန်းစိန်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ်ပါ။ ပြည်သူတွေရဲ့ ရွေးချယ် မှုပါပဲ” ဟု ၎င်းက ပြောသည်။

ပြည်သူလိုလားသည့် ခေါင်းဆောင်တက်လာပါမှ တိုင်းပြည်တည်ငြိမ်ပြီး ဖွံ့ဖြိုးရေးနှင့် လူ့အခွင့်အရေးစသည့် အခြေခံအခွင့်အရေးများကို ပြည်သူများက ရရှိလာမည်ဟု အမေရိကန် သံအမတ်ကြီးဒဲရစ်မစ်ချယ် က သုံးသပ်သည်။

နှစ်ပေါင်းများစွာ သံအမတ်အဆင့် မထားဘဲ ဆက်ဆံရေးကျဲနေခဲ့ရာမှ ဒဲရစ်မစ်ချယ်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ၂၀၁၂ ခု နှစ်လယ်ပိုင်းမှ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာအစိုးရ နှင့် ပူးပေါင်းဆောင်ရွက်မှုကို ယေဘုယျအားဖြင့် ကျေနပ်ကြောင်း ပြောသည်။

“အစိုးရနဲ့ အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။ ယုံကြည်မှု တည်ဆောက်တယ်၊ ပိုနားလည်အောင်လုပ်တယ် ။ ပြောဆိုဆွေးနွေးတာမှာလည်း ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးကြတယ်။ ကျေနပ်စရာပါ” ဟု ၎င်းက ပြောသည်။

“တရားစီရင်ရေးဘက် ပြုပြင်ပြောင်းလဲမှုတွေကတော့ နည်းနည်းနှေးတယ်။ ပိုပြီးကူညီမယ်။ အချိန်ယူရမယ်” ဟု မစ္စတာမစ်ချယ်က ဖြည့်စွက်ပြောသည်။

“စစ်ဘက်နဲ့ ပိုပြီးဆက်ဆံရေး ရှိလာတယ်။ အမေရိကန် ကြယ်သုံးပွင့် စစ်ဗိုလ်ချုပ်ကြီးက နိုင်ငံတော်ကာ ကွယ်ရေး တက္ကသိုလ်မှာ စကားပြောတယ်။ အရင်သုံးနှစ်က ဒါမျိုးမရှိခဲ့ဘူး။ ကျွန်တော်တောင် ထပ်သွား ပြီး ပြောချင်တယ်” အမေရိကန်သမ္မတ အိုဘားမားကလည်း မြန်မာ့အပြောင်းအလဲကို ၎င်း၏ မိန့်ခွန်းတစ်ချို့ တွင် ထည့်သွင်းပြောကြားခဲ့သည်။ မြန်မာ့ဒီမိုကရေစီရေး အရွေ့ကို အမေရိကန်က အမှတ်ယူပြောဆိုခြင်း မျိုးလားဟု မဇ္ဈိမကမေးရာ သံအမတ်ကြီးက သမ္မတအိုဘားမားကလည်း အကန့်အသတ်နှင့် ကျေနပ်သည့် သဘောပြောခြင်းဖြစ်ပြီး အမေရိကန်က မြန်မာ့အပြောင်းအလဲကို ပဏာယူရန်မရှိဘဲ ပြည်သူတွေကသာ အပြောင်းအလဲကို လုပ်ဆောင်ခဲ့ဖြင့် ယင်းအပြောင်းအလဲ အောင်မြင်ရေးအတွက် ကူညီမည်ဟု ဖြေသည်။

“အကောင်းဆုံး အပြောင်းအလဲလို့ မပြောဘူး။ လုပ်နေတုန်းပဲလို့ ပြောမယ်။ တန်ဖိုးထားတယ်၊ အချိန်လိုတယ်။ ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန်က ပါတနာလုပ်မယ်” ဟု သံအမတ်က ပြောသည်။

အမေရိကန်စီးပွားရေး လုပ်ငန်းများ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၂ ဇူလိုင်မှ လတ်တလော အထိ အမေရိကန်ဒေါ်လာ ၆၁၂ သန်းသာရှိပြီး အမေရိကန် စီးပွားရေးလုပ်ငန်းများ အဝင်နှေးနေမှု အပေါ် လာမယ့်နှစ်တွင်မူ ပိုမိုဝင်လာမည့်ဟု မှန်းကြောင်း ၎င်းကသုံးသပ်သည်။

“သူတို့ဘာသာ သူတို့ဆုံးဖြတ်တယ်။ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတော့ဖြစ် ဖို့လိုတယ်။ ဒေသန္တရအကြမ်း ဖက်မှုတွေ ရှိတယ်၊ မွတ်စလင် ဆန့်ကျင်ရေး ရှိတယ်။ ရွေးကောက်ပွဲရှိတယ်၊ သူတို့တွက်ချက်ပြီး လုပ်တာပါပဲ။ ရင်းနှီးမြှုပ်နှံမှုတွေက လာမယ့်နှစ်မှာ ပိုလာမယ်လို့ မျှော်လင့်ပါတယ်” ဟု သံအမတ်က ပြောသည်။

ရင်းနှီးမြှုပ်နှံကြမည့် စီးပွားရေးလုပ်ငန်းများက အဓိကလိုအပ်သည့် လျှပ်စစ်၊လူ့စွမ်း အားအရင်း အမြစ်၊ စျေးကွက်၊ လမ်းပန်းဆက်သွယ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ဥပဒေနှင့် နိုင်ငံရေးပတ်ဝန်းကျင် စသည့်အချက်များကို ကြည့်ရှုလေ့လာပြီး တွက်ချက်ကြကြောင်း မစ္စတာမစ်ချယ်က ဖြည့်စွက်ပြောသည်။

Most read this week