သျှမ်းပြည် တောင်ပိုင်း ကျေသီးမြို့နယ် ဝမ့်ဝပ် ကျေးရွာ အုပ်စု အတွင်း အခြေချ နေထိုင်သည့် အစိုးရ တပ်မတော် စစ်ကြောင်း တစ်ခုက လက်နက်ကြီး အလုံး ၂၀ ကျော် ရပ်ရွာ ထဲသို့ ပစ်ခတ် သောကြောင့် ရွာသားများ ထိပ်လန့်ကာ ရွာလုံးကျွတ် ဘုန်းကြီး ကျောင်းသို့ တိမ်းရှောင်ကြ သည်ဟု ဆိုသည်။
အောက်တိုဘာ ၁၃ နှင့် ၁၄ ရက်နေ့အတွင်း အစိုးရ တပ်မတော် စစ်တိုက်လေယာဉ်များ၊ရဟတ် ယာဉ်များ ဝမ့်ဟိုင်းဒေသသို့ နေ့စဉ်ပျံသန်းကြောင်း၊ အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၁ နာရီတွင် ဝမ့်ဝပ်ကျေးရွာအုပ်စု အတွင်းသွား လာလှုပ်ရှားသည့် အစိုးရတပ်မတော် စစ်ကြောင်းတခုက ဝမ့်တဖန်ကျေးရွာတွင် ချ၍ ပန်စေ့ကျေးရွာ နှင့် အနီးတဝိုက်သို့ ၆၀ မမ အမျိုးအစား အလုံး ၂၀ ကျော် ပစ်ခတ်ခဲ့သည့် အတွက် ပန်စေ့ဒေသခံများ ဝမ့်ဝပ် ဘုန်းကြီးကျောင်း ဒုက္ခသည်စခန်းသို့ ထွက်ပြေးကြသည်ဟု ဆိုသည်။
“ကျနော်တို့ရွာထဲ ၊ ရွာအနီး၊ လယ်တော တွေမှာ လက်နက်ကြီးတွေကျတယ်။ သျှမ်းစစ်သား တွေကို ကူညီထောက်ပံ့ရင် ရွာကိုမီးရှို့ပစ်မယ်လို့လဲ ခြိမ်းခြောက်ထားတော့ ကျနော်တို့ရွာကို တကယ်လုပ် တော့မှာလား ဆိုပြီးကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးကြတယ်။ ဝမ့်ဝပ်ဘုန်ကြီးကျောင်းကိုဘဲပြေးရတာပေါ့” ဟု အမည်မဖေါ်လိုသည့် စစ်ဘေးရှောင်သူ တစ်ဦးက ပြောသည်။
“ပစ်ခတ်မှုကြောင့် လူနဲ့တိရစ္ဆာန်မထိဘူး။ ရမ်းပစ်တာပါ။ နမ့်ပုတ် တပ်စခန်းမှာ သူတို့ ရဟတ်ယာဉ် လာဆင်းလို့ ပစ်ခတ်ခြိမ်းခြောက်တာထင်ပါရဲ့။ ရဟတ်ယာဉ် ဆင်းနေစဉ် တိုက်ဂျတ်လေယာဉ် သုံးစင်းလဲ လာပတ်တယ်။ လက်နက်ကြီးပစ်ခတ်တာဟာ စစ်ရေးအရ ဒီဘက်ကနေ ခြိမ်းခြောက်ပြီး တဖက်ကလည်း ကျနော်တို့ တပ်အင်အားကို မျှားခေါ်တဲ့ သဘောလို့ဘဲထင်ပါတယ်။” - ဟု ဒေသအတွင်း SSPP/SSA တပ်မှူး တစ်ဦးကပြောသည်။
သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲအခြေစိုက် ရလခ စစ်တိုင်းမှူးက သျှမ်းပြည်တပ်တော် SSPP/SSA အား ကျေးသီး - ပန်စေ့- လွယ်ယွဲ- ခိုလောင်း လမ်းမကြီးမှ အတွင်းပိုင်းသို့ သုံးမိုင်ခန့် တပ်ထပ်ဆုတ်နေထိုင် ရန် ခိုလမ်ရှိ ဆက်ဆံရေးရုံးမှ တဆင့် ဖုန်းဖြင့် ညွှန်ကြားထားသည်။
“ကျနော်တို့မရှောင်ရင် သူတို့နည်းသူတို့ဟန်နဲ့ လုပ်ဆောင်သွားမယ်တဲ့။ အင်အား သုံးပြီး တိုက် ခိုက် မယ် ဆိုတဲ့သဘောပေါ့။ ကျနော်တို့တော့ မရှောင်နိုင်ဘူး။ လာရင်ခုခံတိုက်မှာဘဲ။ ဒီနေ့ ၁၅၊၁၀၊၂၀၁၄ လဲ ပန်စေ့မှာ တိုက်ပွဲ ပြန်ဖြစ်နေတယ်” - ဟု အဆိုပါတပ်မှူးကပြောသည်။
ကျေးသီး ပန်စေ့ လွယ်ယွဲ ခိုလောင်း လမ်းသည် ၁၉၉၅ ခုနှစ်ကတည်းက သျှမ်းပြည် တပ်မတော် SSPP/SSA ဘက်မှ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသော ကျောက်ခင်းလမ်းဖြစ်သည်။