၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ပါတီကိုသာ မဲပေးရန် သျှမ်းလူထု ဖိအားပေး ခံရ

၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ပါတီကိုသာ မဲပေးရန် သျှမ်းလူထု ဖိအားပေး ခံရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်မြို့နယ် အတွင်းနေ ကျေးလက် ဒေသခံ များအား ပြည်ခိုင်ဖြိုး ပါတီဝင်များက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်းတို့ ပါတီကိုသာ မဲပေး ထောက်ခံ ရမည် ဖြစ်ကြောင်း ကျေးရွာ အုပ်စုတခုတွင် တစ်အိမ်တက် တစ်အိမ်ဆင်း ပြုလုပ်သည်ဟု ဆိုသည်။

၂၀၁၄ စက်တင်ဘာလ နှောင်းပိုင်းမှစ၍ ယနေ့အထိ သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်မြို့နယ် မိုင်းနုန်း နှင့် ၎င်းကျေးရွာအုပ်စုဝင် ရွာ ရ ရွာအား မိုင်းခတ်မြို့  ပြည်ခိုင်ဖြိုးပါတီဝင်များက ၂၀၁၅ ရွေးကောက်ပွဲ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ သွားရောက်ဖိအားပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

“အခုလာပြောတာက  မိုင်းခတ်မြို့ နောင်မိုရပ်မှာနေတဲ့ ဦးအောင်သန်း နဲ့ ဦးအိုက်တီလေ။ သူတို့က လူအင်အား ၄-၅-၆ ယောက် လောက်ပဲလာတယ်။ အိမ်တိုင်းကို တစ်အိမ်တက်ဆင်းပြီးပြောသွားတာ။  ကျုပ်တို့ ပြည်ခိုင်ဖြိုးပါတီကို မဲပေးမလား မပေးဘူးလား။ ခင်ဗျားတို့ သိထားဖို့က  သျှမ်းလူမျိုးပါတီက ခင်ဗျားတို့ကို ဘာမှ လုပ်ပေးနိုင်တာမရှိဘူး ။ ခင်ဗျား တို့ လိုအပ် ချက်ဖြည့်ပေးနိုင်တာ ဒီ (ပြည်ခိုင်ဖြိုး) ပါတီဘဲရှိတာ - လို့လာပြော တာ။” - ဟု မိုင်းနုန်းဒေသခံ စိုင်းနန်လုံ ကပြောသည်။

Mong Noong

အမည်မဖေါ်လိုသည့် မိုင်းခတ်မြို့ပြည်ခိုင်ဖြိုးပါတီတဦးက အထက်အမိန့်အရ ကောက်ခံကြည့်ရတာဖြစ် ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည်။

တာချီလိတ်မြို့ရောက် မိုင်းနုန်းဒေသခံ ခွန်စိုင်းခမ်းကတော့ “ရွေးကောက်ပွဲက အချိန်လိုသေးတယ်။ ဘယ်ပါတီကို မဲထည့်ရမယ်ဆိုတာ ဘာလို့အခုကတည်းက ဆုံးဖြတ်ရမှာလဲ။ ရွေးကောက်ပွဲမှ ဆုံးဖြတ် ရမှာလေ။ ဒါကျနော်တို့အခွင့်အရေးဘဲ။ အခုက ဒီလိုမဟုတ်ဘူး။ မဲမထည့်ရင် ခင်ဗျားတို့ သိမယ် လို့  ခြိမ်းခြောက်သေး တယ်” ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

ကျိုင်းတုံမြို့ မြောက်ဘက် ကီလိုမီတာ ၈၀ ခန့် ​မိုင်းခတ်မြို့နယ် မိုင်းနုန်းကျေးရွာ အုပ်စုသည် မိုင်းနုန်း ရွာမအတွင်း အိမ်ခြေ ၂၄၀ ကျော်ရှိ၏။ ယန်းလုံ၊ ပါကန်၊ ခမ်းနွဲ့၊ တပ်မိုင်၊ ဝမ်စုန်၊ ဝမ်အန်၊ ယန်းဇိုင် စသည့်ကျေးရွာများလည်း မိုင်းနုန်းအုပ်စုဝင်များဖြစ်ကြသည်။

 

Most read this week