၂ နှစ်ကျော်ကာလအတွင်း အမေရိကန် ဒေါ်လာ ၁၁ သန်းနီးပါးသုံးစွဲခဲ့
နှစ်ပေါင်းခြောက်ဆယ်ကျော် သန္ဓေတည်နေသည့် ပြည်တွင်းစစ်ရပ်စဲရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နှစ် နှစ်ကျော်ကာလအတွင်း ကုန်ကျငွေများအပေါ် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အောက်တိုဘာ ၁၃ရက်က ပြည်ထောင်စုလွှတ်တော်တွင် လာရောက်ရှင်းပြခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အစိုးရဘက်မှ ဖွဲ့စည်းထားသည့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌလည်းဖြစ်သူ ဦးအောင်မင်းက လာရောက်ရှင်းပြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂ နှစ်ကျော်ကာလအတွင်း အမေရိကန် ဒေါ်လာ ၁၁ သန်းနီးပါး သုံးစွဲခဲ့သည်ဟု မဇ္စျိမ၏ တွက်ချက်မှုအရ သိရသည်။
ပြည်သူ့ဘဏ္ဍာငွေမှ သုံးစွဲငွေ ကျပ်ငွေသိန်း သုံးထောင့်ငါးရာကျော် သုံးစွဲ
ဝန်ကြီး ဦးအောင်မင်း ပြောဆိုချက်အရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံ၏ ပြည်သူ့ဘဏ္ဍာငွေ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်မှ ကျပ်ငွေ ၃၅၈,၆၂၂,၈၀၀ သုံးစွဲခဲ့သည်ဟုဆိုသည်။ အဆိုပါ ပြည်သူ့ဘဏ္ဍာငွေကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)၏ ရုံးများ၊ တည်းခိုဆောင်များနှင့် လူတစ်ရာ့ငါးဆယ်ဆန့် ခန်းမတစ်ခုအတွက် သုံးစွဲခဲ့သည်ဟု ဆိုသည်။
နိုင်ငံတကာ အကူအညီ (၂ နှစ်အတွင်း ဒေါ်လာ ၁၀ သန်းခွဲ သုံးစွဲ)
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာမှ ရယူထားသည့် အထောက်အပံ့များကိုလည်း A4 စာမျက်နှာ ၁၄ရွက်ပါတွင် စာစီထားသည်များကို ဦးအောင်မင်းက လွှတ်တော်သို့ ရှင်းပြခဲ့သေးသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတစ်ကာထောက်ပံ့မှုအဖြစ် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂သန်း တန်ဖိုးရှိ အဆောက်အဦး အကူအညီ၊ ဥရောပသမဂ္ဂ EU က ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ရက် မှ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် အထိ ၂၁ လအတွက် ယူရို ၅သန်း ကူညီရန် ရည်ရွယ်ထားရာထဲမှ ၂၀၁၄ မတ်လကုန်အထိ ယူရို ၁.၆ သန်းခန့် (ဒေါ်လာ ၂ သန်းဝန်းကျင်) သုံးစွဲပြီး၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း UN Peace Building Fund မှ အမေရိ ကန်ဒေါ်လာ ၄၀၄,၆၀၀ တန်ဖိုးရှိ ပစ္စည်းများ၊ နီပွန်ဖောင်ဒေးရှင်းမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃သန်း တန်ဖိုးရှိ ဆန်၊ဆီ၊စား၊ပဲ စသည့် အစားအစာများ၊ Myanmar Peace Support Initiative မှ အမေရိကန်ဒေါ်လာ ၅၁၁,၉၃၅ တို့ဖြစ်သည်။
ထိုသို့နိုင်ငံတကာအလှူရှင် နိုင်ငံများမှ အလှူငွေထည့်ဝင်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလက်မှတ် ရေးထိုးနိုင်မှသာ အလှူငွေအပြည့်အဝထည့်ရန် မူဝါဒချမှတ်ထားပြီး၊ “နိုင်ငံခြားအကူအညီအထောက်အပံ့” များမှာ “ငွေသား”ကို လက်ခံရရှိခြင်းမဟုတ်ဘဲ အလှူရှင်ကသာ အလှူငွေကို စီမံခန့်ခွဲခြင်းသာဖြစ်ကြောင်း ထည့်သွင်းရှင်းလင်းခဲ့သည်။
ပုဂ္ဂလိက အကူအညီ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပုဂ္ဂလိက အကူအညီများကိုလည်း ဦးအောင်မင်းက ဆက်လက်ရှင်းပြခဲ့ပြီး အ ဆိုပါ ပုဂ္ဂိုလ်များသည် ၎င်းတို့ အကျိုး၊ ရည်မှန်းချက်များ မထားရှိဘဲ ငြိမ်းချမ်းရေးကို အမှန်တစ်ကယ်ရယူလိုသေ ာဆန္ဒဖြင့် ကူညီခြင်းသာဖြစ်သည်ဟု သူက ဆိုသည်။
ပုဂ္ဂလိက အကူအညီများအနေဖြင့် မွန်တိုင်းရင်းသား ဦးမောင်မောင်မှ မွန်ပြည်သစ်ပါတီ ခရီးစဉ်များ အတွက် လည်းကောင်း၊ ကယားတိုင်းရင်းသား ဦးကြည်စိန်မှ KNPP ခရီးစဉ်များအတွက် လည်းကောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမပြင်ဆင်မှုအား ထူးကုမ္ပဏီ ဦးတေဇမှလည်းကောင်း ကူညီခဲ့သည်ဟု ဆိုသည်။
ထို့ပြင် တိုင်းရင်းသားများ၏ နေပြည်တော်ခရီးစဉ်အတွက် ကုမုဒြာဟိုတယ်၊ ရတနာသိင်္ခ ဟိုတယ်၊ သင်္ဂဟဟိုတယ်၊ တုံခပူရီဟိုတယ်တို့မှလည်း ကူညီခဲ့သည်။