ယခုလ ၂၀ -၂၅ ရက်နေ့ အထိ တရုပ်နယ်စပ်အခြေစိုက် အပစ်ရပ်အဖွဲ့ကြီးသုံးဖွဲ့၏ အကြီးအကဲခေါင်းဆောင်များ မိုင်းလား ၌ ၄-၅ ရက်တွေ့ဆုံပြီး လတ်တလောနိုင်ငံရေးစစ်ရေးအခြေအနေများအပေါ် ဆွေးနွေးခဲ့ကြကြောင်း တရုပ်နယ်စပ် သတင်း ရပ်ကွက်က ဆိုသည်။
“ကိုးကန့်တပ်ဖွဲ့က ဒု ဥက္ကဌ ဖှုန်ကြားဖူး၊ ပန်ဆန်း က ဥက္ကဌကြီး ပေါက်ယူချန် နဲ့ အိမ်ရှင်မိုင်းလားအဖွဲ့ အကြီးအကဲ ဦးစိုင်းလင်းတို့ပါတာပေါ့” ဟု ဒေသခံကုန်သည်တဦးက ပြောပြသည်။
ဆွေးနွေးချက်များအရ - စစ်အစိုးရက နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ စစ်ရေးဖြင့်သာ ဖြေရှင်းလာလျှင် စစ်ဆင်မှုစီမံကွပ် ကဲရေးဗဟိုတခု အတူထားရှိမည်ဖြစ်ကြောင်း၊ လက်တွဲခိုင်မြဲစွာ အပြန်အလှန် ကူညီပံ့ပိုးဖို့ သဘောတူကြကြောင်း၊ နအဖ စစ်တပ်၏ တောင်ပိုင်း ၀ တပ်ဖွဲ့နယ်မြေရှိ အရေးပါသော တပ်စခန်း သုံးခု ရုတ်ပေးရေးကိစ္စ လုံးဝမဖြစ်နိုင်ကြောင်း သိရသည်။
“အဲဒီစခန်း တွေရဖို့ ကျနော်တို့ အသက်ပေါင်းရာထောင်ချီပေးဆပ်ခဲ့ရတယ်၊ လွယ်လွယ်နဲ့ လက်လွတ်ပေးဖို့ လုံးဝမဖြစ် နိုင်ဘူး” ဟု ၀ အကြီးအကဲ တဦးကဆိုသည်။
အပစ်ရပ်ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးမှုအပြီး မိုင်းလားတပ်ဖွဲ့ထိပ်ပိုင်းအရာရှိများ အစည်းအဝေးတရပ် ထပ်မံ ကျင်းပရာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး စစ်အစိုးရ၏တောင်းဆိုချက်အပေါ် UWSA နည်းတူ လက်သင့်မခံ ကြောင်း၊ အရာရှိအရာခံတပ်မှူးများနှင့် လူထုခေါင်းဆောင်အားလုံးနီးပါး၏ ဆန္ဒ အရလည်းငြင်း ဆန်ကန့်ကွက်ကြ ကြောင်း၊ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျောဖြိုးထံ အကြောင်းပြန်ရန် ၂၇/၀၅/၂၀၀၉နေ့၌ကျိုင်းတုံ သို့ကိုယ်စားလှယ်စေ လွတ်အကြောင်း ပြန်လိုက်သည်ဟု အဆိုပါကုန်သည်က ဆိုသည်။
“ကျနော်တို့ နှစ်ပေါင်း ၂၀ ကျော် အပစ်ရပ်လာခဲ့တာ အစိုးရကို အန္တရာယ်ပေးတဲ့၊ ထိခိုက်စေတဲ့၊ လုပ်ရပ်မျိုး ဘာတခုမှ မလုပ်ခဲ့ တဲ့အပြင် အထောက်အကူတွေတောင်ပေးနိုင်ခဲ့သေးတယ်” ဟုမိုင်းလားအရာရှိတဦး ကပြောကြောင်းလည်း ပြော ပြ၏။
နယ်ခြားစောင့်တပ်လူအင်အား ၃၂၆ ယောက်အနက် ဗမာ့တပ်မတော်အရာရှိ ၃၀ (၃ ရာခိုင်နှုန်း) ယောက် ဖြည့်တင်းကူညီ မည်ဆိုသည့်အချက်ကိုလည်းမဖြစ်နိုင်သေးကြောင်း၊ အထူးဒေသ ၄ မိုင်းလားအဖွဲ့သည် မူးယစ်တိုက်ဖျက်ရေးကဏ္ဍ၊ ဒေသဖွံ့ ဖြိုးတိုးတက်ရေးကဏ္ဍများ၌ ဘယ်သူ့ကိုမှအားမကိုးဘဲစွမ်းဆောင်နိုင်ခဲ့ သည့်အပြင် ဒေသအကျိုးပြုလုပ်ငန်းများပါလုပ်နိုင်ခဲ့ ကြောင်း အဆိုပါအရာရှိကဆိုသည်။
အပစ်ရပ်အဖွဲ့များ၏ စစ်အစိုးရတောင်းဆိုချက် ကန့်ကွက်ခြင်းနှင့်ပတ်သက်၍ လားရှိုးကုန်သည်တဦးကလည်း -“ အပစ် ရပ်ဝတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေ နယ်နိမိတ်တွေမှာ အင်အားဖြည့်ထားတယ်၊ စစ်အရေးအရ အဓိက အချက်အခြာ တွေမှာ နေရာယူလာကြတာတွေ တွေ့ရတယ် - လို့ ရဲအရာရှိ တစ်ယောက်က ပြောတယ်။ တိုက်ပွဲ တွေထပ်ဖြစ် ရင်တော့ မြောက်ကိုးရီးယားက ရလာတဲ့လက်နက်ဆန်းတွေ ထုတ်သုံးဖို့အလားအလာများ တယ်- လို့ပြော တာဘဲ။ ရပ်ရွာလူထု ကတော့ ကြားကထိမှာဘဲ” ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။
မိုင်းလား၌ အပစ်ရပ်ခေါင်းဆောင်များဆွေးနွေးကြရာ၌ - “ဒေါ်အောင်ဆန်းစုကြည် ကိစ္စနဲ့ ၂၀၁၀ရွေးကောက်ပွဲမပြီး ပြတ်သေးရင် စစ်အစိုးရအနေနဲ့ အကြီးအကျယ် စစ်ဆင်ရေးလုပ်ဖို့ ဖြစ်နိုင်ဦးမှာ မဟုတ်ဘူး”-ဟုသုံးသပ်ကြကြောင်း လည်း ပြော ကြသည်ဟုဆို၏။
UWSA ဌာနချုပ် ပန်ဆန်း၌ ၀ပြည်အစိုးရက တရုပ်ပြည်မှ တဲင့်ကား ၁၀ စီး ထပ်မံဝယ်ယူခဲ့ပြီး (မိုင်းလား၊ ၀ နယ်စပ်) မိုင်းဖျဲန်ဘက် တစီးပို့ထားသည်ဆိုသည့် သတင်းမှာ အတည်ပြု၍ မရသေးကြောင်း ၀ အရာရှိများ နှင့်ရင်းနှီးသူ တဦး ပြောဆိုသည်။
စစ်အစိုးရနှင့် ဆက်ဆံရေးတင်းမာသည့်ကြားမှ မိုင်းလားဒေသထူငြိမ်းချမ်းလာခြင်း(သို့) ဗကပ မှ ခွဲထွက်ပြီး NDAA တည် ထောင်ခြင်းနှစ် ၂၀ ပြည့် အခမ်းအနားကိုမူ ကြီးကျယ်ခန်းနားစွာကျင်းပမည်ဖြစ်ကြောင်း၊ မိုင်းလားအဖွဲ့မှ ထိပ်ပိုင်းအရာရှိ တချို့၏ မိသားစု တရုပ်ပြည်အတွင်း ရွှေ့ပြောင်းမှုလည်းရှိကြောင်း လည်းသိရသည်။