မန္တလေး ပဋိပက္ခတွင် ဦးစိုးမင်းထွေးနှင့် ဦးထွန်းထွန်းတို့နှစ်ဦး အသတ်ခံခဲ့ရခြင်းအတွက် တရားခံဟု ယူဆရသူများကို ဖမ်းဆီးရမိထားပြီး ရုံးတင်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ဦးစိုးမင်းထွေးကို သတ်သည်ဟု ယူဆထားသူများကို အောက်တိုဘာ ၁၄ ရက်တွင် အမိန့်ချမည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးစိန်ထွန်းက ပြောသည်။
“ထွန်းထွန်းသတ်တဲ့ တရားခံလို့ ယူဆရတဲ့သူတွေကို ဖမ်းဆီးရမိထားပြီ ဖြစ်ပါတယ်။ အားလုံးတော့ မဟုတ်သေးဘူး။ ထွက်ပြေးနေတာတွေလည်း ရှိသေးတယ်။ ခရိုင်တရားရုံးကို တရားစွဲတင်ပို့ထားပြီးဖြစ်တယ်။ ဦးစိုးမင်းထွေး သတ်တဲ့သူတွေကိုလည်း အောက်တိုဘာ ၁၄ ရက် အမိန့်ချမယ်လို့တော့ သိရပါတယ်” ဟု ဒု ရဲမှူးကြီးက ပြောသည်။
ဇူလိုင်လ ၃ ရက် နံနက်လေးနာရီတွင် ဦးစိုးမင်းထွေး နေအိမ်မှ ဗလီတက်ရန် ထွက်ခွာစဉ်တွင် ၂၉ လမ်း ၈၃ လမ်းထောင့်တွင် အမည်မသိ လူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းကြောင့် သေဆုံးခြင်းနှင့် ပက်သက်၍ လက်ရှိတွင် ဖမ်းဆီးထားရှိသူ နှစ်ဦးရှိပြီး နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဟု ဆိုသည်။
ဇူလိုင်လ ၂ ရက် ည ၁၁ နာရီခန့်က ဦးထွန်းထွန်းကို ၈၃ လမ်း၊ ၃၄ လမ်းထောင့်တွင် အသတ်ခံခဲ့ရခြင်းနှင့် ပက်သက်၍ သံသယရှိသူများကိုလည်း ဖမ်းဆီးအရေးယူထားသော်လည်း ပါဝင်ပတ်သက်သူဟု ယူဆရသူ ရေအတွက်မှာ များသောကြောင့် ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်နေဆဲဖြစ်ကာ အပြီးသတ်အမိန့်ချရန်မှာလည်း လတ်တလော မလွယ်ကူနိုင်သေးဟု ဒုတိယရဲမှူးကြီး ဦးစိန်ထွန်းက ပြောသည်။
တရားခံဟု ယူဆရသူအားလုံးကို ဖမ်းဆီးရမိရေးအတွက် ကွင်းဆက်များအလိုက် အဆင့်လိုက်ဖော်ထုတ်ခြင်း၊ဖမ်းဆီးထားသည့်သူများကို မေးမြန်းပြီး လိုက်လံရှာဖွေခြင်းနှင့် မြို့နယ်၊ ခရိုင်၊ တိုင်းအလိုက် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းရှာဖွေမှုများကို လုပ်ဆောင်နေပြီး မကြာမီတွင် ဖမ်းဆီးရမိနိုင်မည်ဟု ၎င်းက ပြောသည်။
ဦးစိုးမင်းထွေးအား သတ်သည်ဟု ယူဆရသူထဲတွင် ပါဝင်သည့် ကျော်ဇင်ထက်(ခ)ဖက်တီးကို ဖမ်းဆီးထားပြီး ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်စစ်ဆေးကာ မတရားသဖြင့် အမှုကို ဝန်ခံခိုင်းသည်ဟုဆို၍ အောက်တိုဘာ ၁၀ ရက်က မိခင်ဖြစ်သူ ဒေါ်ဇင်မာအေးက တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။
မန္တလေးမြို့တွင် ၂၀၁၄ ခုနှစ် ဇူလိုင်လက ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခကြောင့် ဇူလိုင် ၃ ရက်မှ စတင်၍ ရက်ပေါင်း လေးဆယ်ကျော် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရသည်။