တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များ ယူနက်စကိုသို့ တင်ပြမည်ဟု ဆို

တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များ ယူနက်စကိုသို့ တင်ပြမည်ဟု ဆို
by -
မဇ္စျိမ

နိုင်ငံအတွင်းရှိ တိုင်းရင်းသားများနှင့် ဒေသခံများ၏ မိရိုးဖလာ လက်မှုပညာလုပ်ငန်းများ၊ ရိုးရာအမွေအနှစ်များ ဖြစ်ကြသည့် ဒြပ်မဲ့ယဉ်ကျေးမှုများကို UNESCO သို့ တင်ပြသွားမည်ဟု ယဉ်ကျေးမှု ဝန်ကြီးဌာန ဒု-ဝန်ကြီးက အောက်တိုဘာ ၁၃ ရက်တွင် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ပြောသည်။

 “ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းသို့ တင်သွင်းနိုင်ရေးအတွက် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)သို့ ပေးပို့တင်သွင်းသွားမှာ ဖြစ်ပါတယ်” ဒုဝန်ကြီး ဒေါ်စန္ဒာခင်က ပြောသည်။ ပေးပို့မည့်ဒြပ်မဲ့ ယဉ်ကျေးမှုစာရင်းကို စိစစ်လျက်ရှိပြီး မည်သည့်အချိန်တွင် ပေးပို့မည်ကိုမူ မပြောကြားခဲ့ပေ။

အောက်တိုဘာလ ၈ ရက်တွင် ကျရောက်သည့် သီတင်းကျွတ်လပြည့်နေ့တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးရင်ပြင်တော်တွင် ကရင်ရိုးရာ အကဖြင့် ကပြဖျော်ဖြေနေသည့် ကရင်ဒုံးယိမ်း အကအဖွဲ့များအား တွေ့ရစဉ်။

ထို့အပြင် မြန်မာနိုင်ငံတွင် ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်မြောက်များစွာ ရှိသည့်အပြင် ဒြပ်မဲ့ယဉ်ကျေးမှုများ အနက်မှ ပါးစပ်ရာဇဝင်နှင့် ဖော်ပြချက်များ၊ ဘာသာစကားများ၊ ဖျော်ဖြေတင်ဆက်မှု အနုပညာများ၊ လူမှုရေးအစဉ်အလာ အလေ့အထများနှင့် ရိုးရာဓလေ့များ၊ ပွဲတော်များ၊ သဘာဝနှင့်စကြာဝဠာ ဆိုင်ရာ ဗဟုသုတနှင့် ရိုးရာ အစဉ်အလာ အလေ့အထများ၊ ရိုးရာလက်မှု အနုပညာရပ်များဟူ၍ အပိုင်း ငါးပိုင်းရှိကြောင်း လည်း ဒု-ဝန်ကြီးက ဆိုသည်။

ဧရာဝတီတိုင်း မဲဆန္ဒနယ်အမှတ်(၃) လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းက တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန် မေးမြန်းမှုကို ဒုဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

Most read this week