ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်များကို လက်နက်ကိုင်ဆောင် သွားလာခြင်း မပြုရန်နှင့် ဒေသအချို့မှ တပ်များ ဆုတ်ခွာပေးရန် ရှမ်းပြည်နယ် အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက စာပေးပို့ထားသည်ဟု SSPP/SSA ၏ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်စိုင်းက အောက်တိုဘာ ၁၃ရက်က မဇ္စျိမကို ပြောသည်။
လက်နက်ကိုင်ဆောင် သွားလာခြင်း နှင့်အတူ သံလွင်မြစ် အနောက်ဘက်ကမ်း ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းကောင်း တိုက်နယ် အတွင်းရှိ နမ့်ဆီကျိန်းဒေသ၊ လွယ်လန်း နှင့် ကွန်ပန်ကွန်ခုံး ဒေသအတွင်း ရှိနေသည့် SSPP/SSA ၏ တပ်များကို ဆုတ်ခွာပေးရန် ရှမ်းပြည်နယ် ဝန်ကြီးချူပ် ကိုယ်စား နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက လက်မှတ်ထိုးကာ တောင်ကြီးမြို့ရှိ SSPP/SSA ဆက်ဆံရေးရုံး တာဝန်ခံမှ တစ်ဆင့် အောက်တိုဘာ ၉ ရက်က ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီး ခွန်စိုင်းက "ရှမ်းပြည်ကို ဗမာစစ်တပ်တွေ မရောက်ခင်ထဲက ကျွန်တော်တို့က ဒီနေရာမှာ ရှိခဲ့တာပါ။ ကျွန်တော်တို့ ဘယ်သူ့ နယ်မြေကိုမှ သွားပြီး ကျူးကျော် တိုက်ခိုက်တာမရှိပါဘူး။ ဒီကိစ္စကို မကြာခင် လားရှိုးမြို့မှာ UPWC( ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) နဲ့ တွေ့တဲ့အခါမှာ ပြောမှာပါ" ဟု ပြောသည်။
သံလွင်မြစ် အနောက်ဘက်ကမ်းရှိ နယ်မြေများမှ ဆုတ်ခွာပေးရန်ကို SSPP/SSA အဖွဲ့မှ တာဝန်ရှိသူများကို သြဂုတ်လအတွင်း နှစ်ကြိမ်တိုင် ခေါ်ယူပြောဆိုခဲ့သော်လည်း ဆုတ်ခွာပေးခြင်း မရှိသည့်အတွက် ဒေသခံများ ထိတ်လန့်ကြောက်ရွံ နေကြကြောင်း နှင့် နယ်မြေကျူးကျော် နေထိုင်ခြင်း မပြုလုပ်သင့်ဘဲ ငြိမ်းချမ်းရေး သဘောတူညီ ချက်များအတိုင်း SSPP/SSA အနေဖြင့် လိုက်နာသင့်သည်ဟု အဆိုပါစာတွင် ရေးထားကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံသို့ မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့သော် ဖုန်းမရရှိခဲ့ပေ။
အောက်တိုဘာ ၂ရက်မှ ၄ရက်အတွင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်လင်ခရိုင်၊ ကျေးသီးမြို့နယ် တာဖာဆောင် တံတားအနီး အခြေစိုက်သော SSPP/SSA တပ်နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် SSPP/SSA တပ်က ထိုနေရာမှ ဆုတ်ခွာပေးခဲ့ရသည်။
SSPP/SSA က ဆုတ်ခွာပေးခဲ့သော်လည်း အစိုးရတပ်များသည် ပြန်လည်ဆုတ်ခွာသွားခြင်း မရှိသေးဘဲ ကောင်းမိုက်ညောင်၊ နမ့်ပုတ်စသော နေရာများနှင့် ဌာနချူပ်နှင့် နီးစပ်ရာ နေရာတဝိုက် ကို တိုက်ခိုက်မှုများ ပြုလုပ်နေသေးကြောင်းလည်း ဗိုလ်မှူးကြီး ခွန်စိုင်းက ပြောသည်။
နှစ်ဖက် တိုက်ပွဲများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတနှင့် ကာကွယ်ရေးဦးစီးချူပ် နှစ်ဦးထံ SSPP/SSA ဥက္ကဋ္ဌက အောက်တိုဘာလ ၂ရက် နှင့် ၄ရက်တို့က စာနှစ်ဆောင်ပေးပို့ခဲ့သည့်အတွက် တပ်မတော်မှ စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင် ခြင်းမပြုရန် ညွှန်ကြားထားသည်။
SSPP/SSA က ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲကြောင်း စာချူပ်ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်က တောင်ကြီးမြို့တွင် ရေးထိုးထားခဲ့သည်။