ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ မသက်ဆိုင်ဟု ANP ဥက္ကဌဆို

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ မသက်ဆိုင်ဟု ANP ဥက္ကဌဆို
by -
နိရဥ္စရာ

လက်ရှိ အစိုးရ ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ အကောင်အထည် မပေါ်ပါက ၂၀၁၅ ရွေးကောက်ပွဲ မရေရာနိုင်ကြောင်း နိုင်ငံတော်သမ္မတက ရေဒီယိုမိန့်ခွန်းတွင် ပြောဆိုထားသော်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ရွေးကောက်ပွဲမှာ မသက်ဆိုင်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP) ၏ ဥက္ကဌ ဒေါက်တာအေးမောင်က တုန့်ပြန် ပြောဆိုသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်နဲ့ မပတ်သက်ဘူး။ ဖြစ်စဉ်ရဲ့ အစိတ်အပိုင်း တစ်ခုလို့တော့ ယူဆလို့ ရတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

dr-aye-mg

လွန်ခဲ့သော နှစ်ပေါင်း(၆၀)ကျော်မှ ယခုချိန်ထိ ဖြစ်ပွားလျှက်ရှိသည့် ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတပ်အကြား အပတ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကိစ္စ အကောင်အထည်ဖော်နိုင်၊ မဖော်နိုင်ခြင်းမှာ အစိုးရနှင့် သက်ဆိုင်ကြောင်း ဒေါက်တာအေးမောင်က ယခုလို ပြောသည်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဟာ ၂၀၀၈ ဖွဲ့စည်းပုံပါ ဒီမိုကရက်တစ်ဖြစ်စဉ်ကို တာဝန်ယူရတဲ့ ဦးသိန်းစိန်အစိုးရရဲ့ လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့်၊ လုပ်ရည်ကိုင်ရည်နဲ့ ပတ်သက်တယ်။ သူလုပ်ရည် ကိုင်ရည်ရှိရင် ဒီမိုကရက်တစ်ဖြစ်စဉ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အောင်မြင်နိုင်တယ်။ လုပ်ရည်ကိုင်ရည်ညံ့ပြီး ဆောင်ရွက်မှုအားနည်းရင်တော့ ငြိမ်းချမ်းမှုဖြစ်စဉ်ဟာ မအောင်မြင်နိုင်ဘူး။ သူ့ရဲ့ စွမ်းရည်လို့ပဲ သတ်မှတ်ရမယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်က စက်တင်ဘာလကုန်တွင် ပြည်သူများသို့ ပြောကြားသည့် ရေဒီယိုမိန့်ခွန်း၌ ငြိမ်းချမ်းရေးကိစ္စနှင့် ၂၀၁၅ ရွေးကောက်ပွဲကို ဆက်စပ် ပြောဆိုခဲ့ရာ သမ္မတ၏ ပြောဆိုချက်ကို ဒေါက်တာ အေးမောင်က ယခုလို တုန့်ပြန် ပြောဆိုခြင်း ဖြစ်သည်။

“ဒီနှစ်ခုကိုရောပြီး ‘ ငါတို့ အစိုးရမလုပ်နိုင်ရင်၊ တနည်းအားဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ် ထမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုရင် ရွေးကောက်ပွဲမလုပ်နိုင်’ ဆိုတဲ့ အသုံးအနှုန်းမျိုးကို မသုံးဖို့၊ သုံးစွဲခြင်းဟာ နိုင်ငံရေးအားဖြင့် ပြစ်မှုမြောက်တယ်။ ဒါကြောင့် ဒီနှစ်ခုကို ရောထွေးသုံးစွဲခြင်းဟာ နိုင်ငံတော်ရဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်မှာ အလွန့်အလွန် တာဝန်ရှိတယ်လို့ ကျွန်တော်တို့ကတော့ စွဲချက်တင်လိုပါတယ်” ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းပါ စကားနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် ပြည်သူများအကြား ၂၀၁၅ ရွေးကောက်ပွဲအပေါ် ဝေဖန်ချက်များစွာ ထွက်ပေါ်ခဲ့ပြီး၊ ရွေးကောက်ပွဲဖြစ်နိုင် မဖြစ်နိုင်စသည့် ငြင်းခုံမှုများလည်း ရှိခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး ဒေါက်တာစန်းရွှေက “ငြိမ်းချမ်းရေး ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ပါတီက လက်ရှိဆောင်ရွက် နေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲအနေနဲ့တော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တယ်ဆိုတဲ့ စကားတွေကတော့ ခုထိ မကြားရသေးပါဘူး၊ ပါတီလူကြီးတွေက မပြောဆိုသေးပါဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ရခိုင်အမျိုးသားပါတီ(ANP) အပါအဝင် အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် (NLD)၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့က မျှော်လင့်ကြောင်း ပါတီများ၏ တာဝန်ရှိသူ အသီးသီးက နိရဥ္စရာနှင့် အင်တာဗျုးများတွင် ပြောဆိုကြသည်။

“ရွေးကောက်ပွဲကော်မရှင်ဟာ သမာသမတ်ကျအောင် လုပ်ပေးရမယ့် တာဝန်ရှိတယ်။ နောက်တက်လာမယ့် အစိုးရဟာ ဦးသိန်းစိန်ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အောင်မြင်အောင် ဆောင်ရွက်ရမယ့် တာဝန်ရှိတယ်” ဟု ဒေါက်တာအေးမောင်က ပြောဆိုသည်။

Most read this week