ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင် မင်းတပ်မြို့တွင် အုပ်ချုပ်ရေး၊ ပြည်သူ့ရဲတပ် ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ သစ်တော၊ စီမံကိန်း ဌာနများ ပူးပေါင်းပြီး စုပေါင်း စစ်ဆေးရေးဂိတ်တစ်ခုကို ယခုလ အောက်တိုဘာ (၁) ရက်နေ့က ဖွင့်လှစ် လိုက် ကြောင်း သိရသည်။
စစ်ဆေးရေးဂိတ်ကို မကွေးတိုင်းဒေသကြီး ကျောက်ထုဖက်မှ အဝင် မင်းတပ်မြို့ အထွက်တွင် ဖွင့်လှစ်ခဲ့ကြပြီး အဆိုပါ ဌာနဆိုင်ရာ (၅) ခုမှ စေလွှတ်ထားသော ပုဂ္ဂိုလ်များက ၂၄ နာရီ တာဝန်ယူ စစ်ဆေးလျက်ရှိကြောင်း၊ နိုင်ငံခြားသားများ၊ တရားမဝင်သစ်များ၊ မူးယစ် ဆေးဝါးများကို စစ်ဆေး ကြကြောင်း သိရသည်။
“အဓိက ကတော့ နိုင်ငံခြားသား အထူးသဖြင့် ကုလားလူမျိုးဝင်မဝင်ပေါ့၊ ကားနံပါတ်၊ ကားပိုင်၊ ယာဉ်မောင်း တွေရဲ့ အချက်အလက်၊ ခရီးသည်တွေရဲ့ မှတ်ပုံတင်တွေကို ကောက်ယူစစ်ဆေးတာပါ ” ဟု အမည်မဖော်လိုသူ ဂိတ်တာ ၀န်ကျ ၀န်ထမ်းတစ်ဦးက ပြော သည်။
အဆိုပါ စုပေါင်းစစ်ဆေးရေး ဂိတ်ကို အုပ်ချုပ်ရေးမှူးရုံးမှ ဦးဆောင်ပြီး တာဝန်ကျ (၇) ဦးဖြင့် မင်းတပ်မြို့သို့ ခရီး သည်များ ၀င်ထွက် သွားလာမှုကို နေ့ညမပျက်တာဝန်ယူစစ်ဆေး နေသည်ဟု သိရသည်။
မင်းတပ်မြို့နယ်သည် ထင်းရှူးပင် နှင့် အဖိုးတန်သစ်များ သစ်တောထွက်ပစ္စည်းများ ပေါများ ရာဒေသဖြစ်ပြီး တရား မဝင် သစ်ခိုး ထုတ်ရောင်းဝယ်မှုများ လည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေ သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်နှောင်းပိုင်းက ဘင်္ဂလားဒေရှ့်နိုင်ငံမှ ဘင်္ဂါလီများ ရခိုင်ပြည်နယ် နယ်စပ်မှ တဆင့် ချင်းပြည်နယ် တောင်ပိုင်းသို့ ခိုးဝင်မှုများရှိခဲ့ပြီး ယင်းကဲ့သို့ တရားမဝင် ၀င်ရောက်လာမှု များမရှိစေရန် ယခုကဲ့သို့ လုပ်ဆောင်ရ ခြင်းဖြစ်သည်ဟုသိရသည်။
ထို့အပြင် ဘင်္ဂလီလူမျိုးများသည် အိန္ဒိယ – မြန်မာ နယ်စပ် ချင်းပြည်နယ် နယ်စပ်ဒေသအသီးသီးမှ စစ်ကိုင်း တိုင်း ကလေးမြို့ ကို ဖြတ်ကျော်ပြီး မြန်မာပြည်တွင်းသို့ ခိုးဝင်လေ့ရှိခဲ့ကြသည်။