မြန်မာ့တိုင်းရင်းသား ဆို၊က၊ရေး၊တီး ခရိုင်ပေါင်းစုံပြိုင်ပွဲ စစ်တွေတွင်ကျင်းပ

မြန်မာ့တိုင်းရင်းသား ဆို၊က၊ရေး၊တီး ခရိုင်ပေါင်းစုံပြိုင်ပွဲ စစ်တွေတွင်ကျင်းပ
by -
နိရဥ္စရာ

မြန်မာ့တိုင်းရင်းသားတို့၏ အဆို၊အက၊အရေး၊ အတီး ပြိ်ုင်ပွဲ ခေါင်းစဉ်ဖြင့် ရခိုင်ပြည်နယ် ခရိုင်ပေါင်းစုံ အနုပညာ ဘက်စုံ ပြိုင်ပွဲ တစ်ခုကို စစ်တွေမြို့တွင် အောက်တိုဘာလ ၁၁ ရက်နေ့မှ စတင် ကျင်းပခဲ့သည်။

ယခုနှစ် ဆိုကရေးတီးပြိုင်ပွဲတွင် တိုင်းရင်းသားရိုးရာ ယိမ်းအကများကိုလည်း ထည့်သွင်းထားပြီး  တပင်တိုင် အက၊ တစ်ဦးချင်း အက၊ ကဗျာအလွတ် အက၊ ယိမ်းအက၊ ရတုနှင့် တေးသီချင်း၊ ပြဇာတ်တို၊ ပြဇာတ်ရှည် များကို ယှဉ်ပြိုင် နေကြသည်ဟု သိရသည်။

Art-competition

အဆို၊ အတီး၊ အရေးပြိုင်ပွဲများကို နေ့လည်ပိုင်းတွင် ပြုလုပ်ပြီး အကပြိုင်ပွဲနှင့် ပြဇာတ်ပြိုင်ပွဲများကို ညနေပိုင်းတွင် ပြုလုပ်ပြီး အောက်တိုဘာလ ၁၁ ရက်၊ ပထမနေ့ အကပြိုင်ပွဲကို မောင်တောခရိုင်၊ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်များမှ ပါ၀င်ယှဉ်ပြိုင်သွားခဲ့ကြသည်။

မောင်တောခရိုင်မှ ပထမနေ့တွင် သက်တိုင်းရင်းသားများက အကနှစ်မျိုးဖြင့် ၀င်ရောက် ယှဉ်ပြိုင်သွားပြီး ကျောက်ဖြူ ခရိုင်နှင့် သံတွဲခရိုင်တို့က ရခိုင်ရိုးရာ အကတမျိုးစီဖြင့် ၀င်ရောက်ယှဉ်ပြိုင်သွားခဲ့ကြသည်။

ကျောက်ဖြူခရိုင်မှ ၀င်ရောက်ယှဉ်ပြိုင်ရာတွင် ရခိုင်ရိုးရာလှေလော်အကဖြင့် ယှဉ်ပြိုင်သွားခဲ့ပြီး ယင်းအကကို ၁၉၇၅-ခုနှစ် ပြည်ထောင်စုနေ့တွင် ရခိုင်ပြည်နယ်ကိုကိုယ်စားပြု ကပြခဲ့သည်ဟု သိရသည်။ ပြိုင်ပွဲတွင် လှေလှော်အက ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍လည်း နောက်ခံသမိုင်းကြောင်းကို  ရှင်းပြသွားခဲ့သည်။

“ကျောက်ဖြူခရိုင်ကို ကိုယ်စားပြုပြီး ကပြရတဲ့အတွက် အရမ်းပျော်ပါတယ်။ ကိုယ်ကိုယ်တိုင်က ဒီလောက်ထိ အောင်မြင်လိမ့်မယ်လို့ မမျှော်မှန်းထားခဲ့ပါဘူး။ အခက်အခဲတွေလည်း သိပ်ပြီးတော ကျော်လွှားခဲ့ရပါတယ်။ ကျွန်မတို့ အဖွဲ့က စနစ်တကျနဲ့ကပြနိုင်ခဲ့တဲ့အတွက် ပထမဆုရလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုလည်း ဒီလိုပြိုင်ပွဲတွေကို ကျင်းပပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ သမီးကိုယ်တိုင်က လည်း သိပ်ပြီးတော့ ကြိုးစား လာခဲ့ရပါတယ်” ဟု ကျောက်ဖြူခရိုင်မှ ကိုယ်စုပြုပါ၀င်ယှဉ်ပြိုင်ခဲ့သူ သိန်းနုရွှေက ပြောသည်။

သံတွဲကိုယ်စားပြုပြီး ပါ၀င်ယှဉ်ပြိုင်ခဲ့သူ ရခိုင်လှပျိုဖြူများ အနေဖြင့် ရခိုင်ရိုးရာ အမျိုးသား ၀တ်စုံများကို ထက်ဝက်က ၀င်ဆင်ပြီး ကျန်ထက်ဝက်က ရခိုင်အမျိုးသမီး ရိုးရာအဝတ်ကို ၀တ်ဆင်ကာ အမျိုးသား အမျိုးသမီး စုံတွဲယှဉ်ပြိုင် ကပြခဲ့ကြသည်မှာလည်း ထူးခြားလှသည်ဟု ဆိုသည်။

“ဒီလိုမျိုးသံတွဲခရိုင်ကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် အရမ်းကိုပျော်ပါတယ်။ ကိုယ်ကတော့ အကောင်းဆုံး လုပ်ခဲ့တာပါဘဲ။ ဆုတွေကိုလည်း ရရင်တော့ လိုချင်တာပေါ့နော်။ ပြိုင်ပွဲကိုကျင်းပပေးတဲ့ ရခိုင်ပြည်နယ် အစိုးရနဲ့ ၀န်ကြီးချုပ်ကို အရမ်းဘဲ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း အများကြီးမျှော်လင့်နေပါတယ်” ဟု သံတွဲခရိုင်ကို ကိုယ်စားပြုပြီး ပါ၀င်ယှဉ်ပြိုင်ခဲ့သူ မပန်ရွယ်ဦးက ပြောသည်။

ပထမနေ့ အောက်တိုဘာလ၁၁-ရက်နေ့ညနေ တိုင်းရင်းသားရိုးရာယိမ်းအက ပြိုင်ပွဲသို့ ရခိုင်ပြည်နယ် အစိုးရ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ၀န်ကြီးတချို့ တက်ရောက်အားပေးခဲ့ကြပြီး ပရိသတ် ၂၀၀ ခန့် လာရောက်ကြည့်ရှုခဲ့ကြသည်။

အောက်တိုဘာလ ၁၂-ရက်နေ့ နံနက်နှင့် နေ့လည် အဆိုပြိုင်ပွဲများတွင် သံတွဲခရိုင်နှင့် ကျောက်ဖြူခရိုင်တို့မှ အဓိက ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ရသည်။

ကျောက်ဖြူခရိုင်ကို ကိုယ်စားပြုပြီး ပါ၀င်ယှဉ်ပြိုင်မည့် မအုထက်ထက်ကျော်သည် ၂၀၁၃-ခုနှစ်က ပြည်နယ် အဆင့် ဒုတိ်ယဆုရရှိခဲ့ပြီး ယခုနှစ်တွင် မဟာဂီတနှင့် ကာလပေါ်တေးဂီတများတွင် ပါ၀င်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယင်းနှစ်ခုစလုံးတွင် ခရိုင်အဆင့်၌ ပထမရခဲ့ပြီး ပြည်နယ်အဆင့်တွင်လည်း ပထမမှန်းထားသည်ဟု ဆိုသည်။

ကျောက်ဖြူခရိုင်မှ အသက် ၉ နှစ်အရွယ် တတိယတန်းကျောင်းသား မောင်စိုးနိုင်ထွန်းကိုလည်း အဆိုပြိုင်ပွဲတွင် ပြည်နယ်အဆင့်၌ ပထမဆုကို မျှော်မှန်းထားသည်ဟု ကျောက်ဖြူခရိုင်ကိုယ်စားပြု ဒိုင်လူကြီး ဦးဇော်နေညွန့်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ဒီနှစ်မှာဆုတွေအများကြီးရမှာပဲ။ ကလေးတွေက ထူးချွန်ကြတယ်။ ကြိုးစားကြတယ်။ ခရိုင် ၅ ခုထဲမှာ် ဆုတံဆိပ် အများဆုံးရလိမ့်မည်လို့မျှော်မှန်းထားပါတယ်”ဟု ဆို က ရေး တီးပြိုင်ပွဲကို ၁၅ ကြိမ်မြောက်ထိ ပြိုင်ပွဲဝင်ခဲ့ပြီး နိုင်ငံတော်အဆင့်တွင် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၅ ခု ဆွတ်ခူးရရှိခဲ့ဖူးသူ အဆိုပြိုင်ပွဲတွင် ကျောက်ဖြူခရိုင်ကိုယ်စားပြု ဒိုင်လူကြီး ဦးဇော်နေညွန့်က ပြောသည်။

ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ် ဆွတ်ခူးရရှိသူများကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ပေးအပ်သွားမည်ဟု သိရှိရသည်။

Most read this week