သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားနှင့် တရုပ်ပြည် တာလော အကြားရှိ နယ်စပ်မှောင်ခိုလမ်း (ဖြတ်လမ်း) အား တရုပ်အာဏာပိုင် များ မြေထိုးစက်ဖြင့်ထိုးဖျက်ပစ်ကြောင်း တရုပ်နယ်စပ်ကုန်သည်တဦးက ဆိုသည်။
“ဖြတ်လမ်း/မှောင်ခိုလမ်း ဆိုပေမယ့် ဆိုင်ကယ်တွေ ကားတွေသွားလာနိုင်တယ်။ တရုပ်အာဏာပိုင်တွေမြေထိုးစက်နဲ့လာဖို့ ပစ်တာ တပတ်တောင်မရှိသေးဘူး။ လွန်ခဲ့တဲ့ ၄-၅ ရက် က တရုပ်တပ်ဖွဲ့တွေ အဲဒီနယ်စပ်မျဉ်းတလျှောက်လာစစ်ဆေး တယ်” ဟုမိုင်းလားမှ ပြန်လာသူအမည်မဖေါ်လိုသည့် နယ်စပ်ကုန်သည်တဦးက ဆိုသည်။
အထူးဒေသ ၄ NDAA ဌာနချုပ်ရှိ အရာရှိတဦးပြောဆိုချက်အရ တရုပ်နိုင်ငံ ယူနန်ပြည်နယ် ကျိန်းဟုန့်တိုင်း တာလော နယ်စပ်မြို့မှ ဖြတ်၍ မိုင်းလား - ကျိုင်းတုံ - မိုင်းဖြတ်- တာချီလိတ်လမ်း- မယ်ဆိုင်သို့ပေါက်သည့် အာရှလမ်းမအတိုင်း တရုပ်ပြည်ဖက်၌ ဖွင့်လှစ်နိုင်ဖွယ်ရှိသည်ကတကြောင်း၊ တရားဝင်ဂိတ်ကိုရှောင်ကွင်းပြီး ဖြတ်လမ်းမှ မူးယစ်ဆေးဝါးနှင့် မှောင်ခိုကုန်ပစ္စည်းများတလျှောက်လုံး ခိုးဝင်သည်ကို တားဆီးပိတ်ပင်လိုသည် ကတကြောင်းတို့ကြောင့်တရုပ်အာဏာပိုင် များ နယ်စပ်ဖြတ်လမ်းကို ဖျက်ပစ် ခြင်းဖြစ်နိုင်သည်ဆို၏။
“ဖြတ်လမ်းကို တရုပ်အာဏာပိုင်တွေ ဖျက်ပစ်လိုက်တယ်ဆိုပေမဲ့ တခါတလေ ကားဖင်ချင်းတေ့ပြီး ပစ္စည်းတွေဖလှယ် တာတွေလုပ်နိုင်သေးတယ်” ဟု အဆိုပါကုန်သည်က ဆို၏။
မေလကုန်ပိုင်း၌ အဆိုပါတရုပ်ပြည်အပိုင်းတာလော - ကျိုန်းဟုန် အာရှလမ်းမကို နယ်စပ်နှစ်ဖက်ဆိုင်ရာ အာဏာပိုင် များပူးပေါင်းဖွင့်လှစ်လျှင် အပစ်ရပ် မိုင်းလား NDAA တပ်ဖွဲ့ နှင့် စစ်အစိုးရ မည်သို့ပူးပေါင်းဆောင် ရွက်ကြမည်ကိုမူ ရှင်းရှင်းလင်းမရှိရသေးပေ။
ဦးစိုင်းလင်းခေါင်းဆောင်သော အပစ်ရပ်အထူးဒေသ ၄ ဌာနချုပ် မိုင်းလားမြို့တော်တွင် လွန်ခဲ့သည့် ၁၀ နှစ် နီးပါးခန့်မှစ၍ နအဖ စစ်အစိုးရ ဌာနမများဖြစ်သည့် လဝက၊ သစ်တော၊ အခွန်၊ ကျန်းမာရေး၊ ပညာရေး၊ စိုက် ပျိုးရေးဆိုင်ရာ ၀န်ထမ်းများ တစ်ဌာနလျှင် ၁-၂ တယောက်သာနေခွင့်ပြုထားကြောင်း၊ ထိုဝန်ထမ်းများအား မိုင်းလားကတယောက်လျှင် တရုပ်ငွေ ယွမ် ၁၀၀ လစဉ်ကြေးထောက်ပံ့ကြောင်း၊ NDAA ဌာဆိုင်ရာများနှင့်
ပူးပေါင်းဆောင်ရွက်လိုကြောင်းတောင်းဆိုခဲ့ဖူးသော်လည်း မိုင်းလားက သဘောမတူဘဲ သီးခြားစီခွဲထား သဖြင့် နအဖ ဒေသခံတို့ဘာမှ စွက်ဖက်ခြယ်လှယ်ခွင့်မရှိကြောင်းသိရသည်။
အဆိုပါအာရှလမ်းမ ဖွင့်လှစ်လျှင် နအဖဝန်ထမ်းများတိုးချမှု၊ အခွန်အတုပ်ဆိုင်ရာဝေမျှမှု၊ နယ်စပ်လုံခြံုမှုတို့ တွင် စစ်အစိုးရမှ အခွင့်ကောင်းယူ စွက်ဖက်လာမည့်အရေးက NDAA မိုင်းလား ခေါင်းဆောင်များ စိုးရိမ်လျက် ရှိကြောင်းဆိုပါသည်။