သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မတီဝင် ဒေါ်နန်းလှပြည့်သည် မန္တလေးမြို့ ဆေးရုံကြီး၌ အောက်တိုဘာလ ၁၀ရက် နံနက် ၃ နာရီအချိန်တွင် ကွယ်လွန်သွားခဲ့သည်ဟု သတင်းရရှိသည်။
နေအိမ်တွင် ရုတ်တရက်လေဖြတ်၍ လဲကျရာမှ မန္တလေးဆေးရုံသို့ ပို့ဆောင် ကုသခဲ့သည်။ ဒေါ်နန်းလှပြည့် ကွယ်လွန်ချိန်တွင် အသက် ၆၀ ကျော်ရှိပြီဖြစ်ပြီး ကွယ်လွန်ချိန်အထိလူလွတ်တစ်ဦးဖြစ်သည်။
၎င်း၏ ရုပ်အလောင်းကို သီပေါသို့ ပြန်လည်သယ်ဆောင်ကာ မီးသဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
“နန်းလှပြည့် ခေါ် ပါယိင်းလိန်မောန်း ဟာ အလုပ်အရမ်းကြိုးစားတယ်။ ကိုယ်ကျိုးစွန့် အနစ် နာခံတဲ့လူ တယောက်ဖြစ်တယ်။ သူကွယ်လွန်သွားတဲ့အတွက် ကျနော်တို့ပါတီ အတွက် ကော သျှမ်းပြည်လူထုအတွက် ကော အင်အားကြီးတခု ဆုံးရှုံးခဲ့ရပါတယ်။” ဟုပါတီပြောခွင့်ရ စိုင်းလိတ် က ပြောသည်။
နန်းလှပြည့်သည် ၁၉၈၀ ပြည့်နှစ်ကျော်ကတည်းက သျှမ်းအမျိုးသားရေးအတွက် ဦးဆောင် ဦးရွက် လုပ်ဆောင် ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် ပါတီသို့ဝင်ရောက် ခဲ့သည်ဟု သိရသည်။
၂၀၁၂ ပါတီပြန်လည် မှတ်ပုံတင်စဉ်ကလည်း တတပ်တအား ပါဝင်လှုပ်ရှားခဲ့ကာ တဖက်တွင်လည်းကျားခေါင်း ပါတီအတွင်း အမျိုးသမီး အဖွဲ့၏ ခေါင်းဆောင်လည်းဖြစ် ပါသည်။