ဒုက္ခသည်နေရာချရေး ရခိုင်နယ်စပ်ရှိ တိုင်းရင်းသား ကျေးရွာများကို သုံးမည်

ဒုက္ခသည်နေရာချရေး ရခိုင်နယ်စပ်ရှိ တိုင်းရင်းသား ကျေးရွာများကို သုံးမည်
by -
မဇ္စျိမ

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များကို နေရာချထားရေး နတလ (နယ်စပ်တိုင်းရင်းသား)ကျေးရွာ အချို့ အသုံးပြုသွားမည်ဟု အမည်မဖော်လိုသူ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦးက အောက်တိုဘာ ၁၀ ရက်တွင် မဇ္စျိမကိုပြောသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ် (Action Plan) အတွက် ဒုက္ခသည်များ ပြန်လည်နေရာချထားရေး ဆောင်ရွက်ရန် အစိုးရအဖွဲ့က ဆွေးနွေးလျက်ရှိပြီး ထိုသို့စီစဉ်နေခြင်းဖြစ်သည် ဟုဆိုသည်။

“ဘင်္ဂလီ အိမ်ထောင်စုတွေလည်းပါတယ်၊ ရခိုင်အိမ်ထောင်စုတွေလည်းပါတော့ အချို့ကို နယ်စပ် တိုင်းရင်းသား ရွာတွေမှာ ထားဖို့လည်း ဆွေးနွေးနေတာရှိတယ်” ဟု ၎င်းကပြောသည်။

နယ်စပ်တိုင်းရင်းသားကျေးရွာများတွင် ရခိုင်တိုင်းရင်းသား အချို့လည်းနေထိုင်လျက်ရှိပြီး ၎င်းတို့က သဘောမတူဟု ဆိုသည်။

ရခိုင်လူမှုကွန်ရက်အဖွဲ့ဝင် ကိုသိန်းဇော်က “နိုင်ငံသား စိစစ်နိုင်ခြင်းမရှိသေးဘဲနဲ့ ဒီလိုတိုင်းရင်းသားရွာတွေမှာ နေရာချရင်တော့ ပိုရရှုပ်ထွေးလာလိမ့်မယ်၊ ရခိုင်တွေကတော့ လက်မခံနိုင်ဘူး” ဟု ဆိုသည်။

ပြန်လည်နေရာချထားရေးနှင့် ပတ်သက်သည့် ရခိုင်အဖွဲ့အစည်းများ၏ သဘောဆန္ဒကို စက်တင်ဘာလ အတွင်းကတည်းက ပြည်ထောင်စုအစိုးရထံ တင်ပြထားသည်။

ယင်းတွင် ဒုက္ခသည်များကို လူဦးရေစိစစ်မှုပြီးစီးပါက နိုင်ငံသားဖြစ်ခွင့်ရှိသူများကို မူလနေရာတွင် နေထိုင်ခွင့်ပြုရေးနှင့် နိုင်ငံသားဖြစ်ခွင့် မရှိသူများကို သီးခြားနေရာတစ်ခုတွင် ထားရှိရေးတို့ပါ၀င်သည်။

ပြန်လည်နေရာချထားရေး နှင့် နိုင်ငံသား စိစစ်ရေးလုပ်ငန်းများကို ၂၀၁၅ခုနှစ် မတိုင်မှီ ပြုလုပ်သွားမည်ဟုလည်း ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက မဇ္စျိမကိုပြောကြားထားသည်။