ဟူးကောင်းချိုင့်ဝှမ်းတွင် ယုဇနကုမ္ပဏီ ရှိနေခြင်းအပေါ် ဒေသခံများ ကန့်ကွက်

ဟူးကောင်းချိုင့်ဝှမ်းတွင် ယုဇနကုမ္ပဏီ ရှိနေခြင်းအပေါ် ဒေသခံများ ကန့်ကွက်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ယုဇနကုမ္ပဏီရှိနေခြင်းကို “အလိုရှိ၊ မရှိ” ဆန္ဒမဲများကို အဆိုပါဒေသ လီဒူလမ်းမတလျှောက်ရှိ ကျေးရွာ ၂  ရွာတွင်အောက်တိုဘာလ ၈ ရက်နေ့က ကောက်ခံရာ ၉၈ ရာခိုင်နှုန်းသည် အလိုမရှိကြောင်း ကန့်ကွက်မဲရရှိခဲ့သည်ဟု သိရသည်။

ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး နယ်မြေအကျယ်အဝန်းသည် ၆၇၀၈ စတုရန်းမိုင်ဖြစ်ကြောင်း ဆိုင်းဘုတ်များ နေရာတိုင်းတွင် ချိတ်ဆွဲထား သော်လည်း အမှန်တကယ်တွင် ဧက ၄ သိန်းကျော် တိုးချဲ့ထားသည်ဟု ဒေသခံများပြောသည်။

Hugawng-farmers-vote-on-rejection-of-Yuzana-company

ထို့ကြောင့် လီဒိုလမ်းမဘေးရှိ ကျေးရွာများမှ နောင်းမီကျေးရွာနှင့် ရှထူးဇွပ်ကျေးရွာများမှတောင်သူများက လူထုသိရှိစေရန် ဆန္ဒမဲခံယူခဲ့ရာ နောင်းမီကျေးရွာမှ စုစုပေါင်း ၈၅၇ မဲ၊ ကန့်ကွက်မဲ ၈၅၂ မဲ၊ ထောက်ခံမဲ ၁ မဲ နှင့် ပယ်မဲ ၄ မဲရရှိခဲ့ပြီး၊ ရှထူးဇွပ်ကျေးရွာမှ စုစုပေါင်းမဲ၂၈၄ မဲ၊ ကန့်ကွက်မဲ ၂၈၂ မဲ နှင့် ပယ်မဲ ၂ မဲရရှိကာ ထောက်ခံမဲမရှိကြောင်း ဒေသခံလူကြီးများထံမှ သိရသည်။

ယုဇနကုမ္မဏီရောက်ရှိလာချိန်မှ ယနေ့ချိန်ထိဒေသခံများ ခက်ခဲမှုများနေ့စဉ် ရင်ဆိုင်နေရချိန် ထိုသို့မိမိဆန္ဒကို ဖော်ပြရခြင်းအပေါ် ဒေသခံများကျေနပ်အားရမှုရှိကြောင်း ဒေသခံတစ်ဦးပြောသည်။

"ကျနော်တို့တောင်သူတွေ ဒီလို ယုဇနကုမ္ပဏီ ‘အလိုရှိ၊ မရှိ’ ဆန္ဒမဲပေးရတာ အရမ်းဝမ်းသာတယ်" ဟု သူက KNG ကချင်သတင်းဌာန သို့ပြောသည်။

ထိုကျေးရွာ ၂ ရွာသည် တစ်ချိန်တည်းတွင် တစ်ကြိမ်နှင့် မဲပုံးများဖြင့် ကောက်ခံကြခြင်းဖြစ်ပြီး လီဒိုလမ်းမ တစ်လျှောက်ရှိ တောင်သူများဆန္ဒဖြင့် တညီတညွှတ်တည်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း နောင်းမီ ဒေသခံ လူကြီးများက ပြောသည်။

ကျန်ရှိသည့်ကျေးရွာများလည်း ထိုကဲ့သို့ ဆန္ဒမဲကောက်ခံသွားရန်ရှိပြီး နစ်နာသွားသော ဒေသခံတောင်သူများ အနေဖြင့် ဆက်လက်၍ သတင်းစာရှင်းလင်းပွဲများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နောင်းမီအတွင်း မဲဆန္ဒ ကောက်ခံခဲ့သည့် ပြောရေးဆိုခွင့်ရှိသူ ဦးခွန်ဆာ က KNG ကချင်သတင်းဌာန သို့ပြောသည်။

အဆိုပါ ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာ ၁၁ ရွာ၏ လယ်မြေများကို ယုဇနကုမ္ပဏီမှ လယ်မြေများသိမ်းပိုက်ထားပြီး ၎င်းလယ်မြေများတွင် ပီလောပီနံများစိုက်ပျိုးနေကြသည်မှာ ရ နှစ် ရှိပြီဖြစ် ကြောင်း သိရှိရသည်။

ကုမ္ပဏီ၏ ပီလောပီနံကြိတ်ရည်များကြောင့် အနီးကျေးရွာသို့အနံ့ဆိုးများပျံ့နှံ့ကာ ကျန်းမာရေးကို ထိခိုက်စေပြီး ဒေသခံများသည် တောင်ယာသွားရန် စိတ်အနှောက်အယှက်ဖြစ်ပြီး ကျမ်းမာရေးအတွက် စိုးရိမ်ပူပန် နေရ ကြောင်း ဒေသခံများပြောသည်။

လီဒိုလမ်းမတလျှောက်ရှိ ယုဇနကုမ္ပဏီသိမ်းထားသော ကျေးရွာများမှာ နောင်းမီကျေးရွာ၊ ဝါရာဇွပ်ကျေးရွာ၊ အောင်ရာကျေးရွာ၊ နမ်ဆိုင်ကျေးရွာ၊ စံပြကျေးရွာ၊ တိန်ကောက်ကျေးရွာ၊ ဘန်ကောက်ကျေးရွာ၊ ရှထူးဇွပ်ကျေးရွာ၊ လဂျာပါကျေးရွာနှင့် နမ်ဖပ်ကျေးရွာတို့ဖြစ် ကြောင်းသိရသည်။

ထိုသို့ယုဇနကုမ္ပဏီရှိနေခြင်းကို ဒေသခံများက ‘အလိုရှိ၊ မရှိ’ ကိစ္စနှင့်ပတ်သက်၍ ဆန္ဒမဲကောက်ခံမှုကို ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့ကလည်း ဝါရာဇွပ်ကျေးရွာ၊ ဘန်ကောက်ကျေးရွာ၊ ယုဇန စံပြကျေးရွာ၊ နမ်ဆိုင်ရွာနှင့် အောင်ရာရွာများတွင် ကောက်ခံခဲ့ရာ ၉၇ ရာခိုင်နှုန်း ကန့်ကွက်မဲများဖြစ်သည်။