မစတာစပေါ့စက်ရုံ လေလံတင်ပွဲ သိန်း ၃၀၀၀ နီးပါးရ

မစတာစပေါ့စက်ရုံ လေလံတင်ပွဲ သိန်း ၃၀၀၀ နီးပါးရ
by -
မဇ္စျိမ

မာစတာစပေါ့ ဖိနပ်စက်ရုံ၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ လေလံတင်ပွဲကို အောက်တိုဘာ ၉ ရက်က လှိုင်သာယာရှိ အဆိုပါစက်ရုံ ဝင်းအတွင်း ပြုလုပ်ခဲ့ရာ သိန်း ၂၈၈၀ ရရှိခဲ့သည်ဟု အလုပ်သမား ညွှန်ကြားရေး မှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က မီဒီယာများကို ပြောသည်။

အလုပ်သမားရေးရာ ခုံသမာဓိ၏ ဆုံးဖြတ်ချက် အမှတ် (၅၁၊၂၀၁၄) အရ အလုပ်သမားများအား လုပ်ခလစာနှင့် နစ်နာကြေးငွေများကို ခွဲဝေပေးရမည်ဖြစ်သည်ဟု ယင်းကဆိုသည်။

Master-Sport-Auction

"ဥပဒေအတိုင်း ရတဲ့ငွေကို အလုပ်သမားတွေကို ခွဲပေးမယ်။ ပိုတဲ့ပိုက်ဆံတွေကို အခွန်အရာရှိက ထိန်းသိမ်းထားမယ်။ အားလုံးရှင်းလင်းပြီးသွားရင် သူဌေးနဲ့ အဆက်အသွယ်မရမချင်း လှိုင်သာယာ မြန်မာ့စီပွားရေးဘဏ်မှာ ထိန်းသိမ်းအပ်နှံထားမယ်" ဟု အလုပ်သမား ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က ပြောသည်။

စက်ရုံအလုပ်သမားများ၏ နစ်နာကြေးကို လုပ်သက် ၃ လအောက် အလုပ်သမားများအား အလုပ်ပိတ်သိမ်း နစ်နာကြေးအဖြစ် လစာ ၁ လစာ၊ ၃ လမှ ၁ နှစ်အောက် လုပ်သူရှိသူကို လစာ နှစ်လစာနှင့် လုပ်သက် ၁နှစ်နှင့် အထက်ကို သုံးလစာ လျော်ကြေးပေးရန် ခုံသမာဓိရုံးက ဆုံးဖြတ်ထားသည်။

ယင်းစက်ရုံရှိ အလုပ်သမား ရ၅၇ ဦးတွင် ၅၈ ဦးအတွက် လုပ်ခလစာကို စက်ရုံမှ ပေးထားပြီးဖြစ်၍ ကျန်ရှိသည့် ၆၉၉ ဦးအတွက် လစာအပါအဝင် နစ်နာကြေး ကျပ်သိန်း နှစ်ထောင့်တစ်ရာ လေးဆယ့်တစ်သိန်း ခြောက်သောင်းခုနှစ်ထောင်ကို ခွဲဝေပေးရမည်ဟု အနောက်ပိုင်းခရိုင် အလုပ်သမားဥပဒေစစ်ဆေး ရေးဌာနမှ ဦးစီးမှူး ဦးအောင်နိုင်က ပြောသည်။

မာစတာစပေါ့ စက်ရုံမှ ပစ္စည်းများကို လေလံအောင်သွားသူ ကိုသန်းမြင့်အောင်က တစ်ပတ်အတွင်း လှိုင်သာယာမြို့နယ် အခွန်ဦးစီးဌာနထံ ငွေပေးသွင်းရမည်ဖြစ်သည်။

လေလံတင် ရောင်းချခဲ့သည့် စက်ပစ္စည်းမျိုးစုံ ၄၇၂ မျိုးရှိပြီး လျှပ်စစ်-မီးစက်နှင့် ဆက်စပ်ပစ္စည်း ၁၆ မျိုး၊ ကုန်ကြမ်း၊ ကုန်ချောပစ္စည်းများ ၁၀,၇၆၄မျိုးအား အခြားအသုံးအဆောင်ပစ္စည်းများ ၁၈၈၁ မျိုး စုစုပေါင်း ၁၃,၁၃၃ မျိုးကို လှိုင်သာယာ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ကြမ်းခင်းဖွင့်စျေးနှုန်း သိန်းပေါင်း၂၃၅၀ ဖြင့် ဖွင့်လှစ်ခဲ့ရာ ကျပ်သိန်း ၂၈၈၀ဖြင့် ဦးသန်းမြင့်အောင်က အနိုင်ရရှိခဲ့သည်။

"ကျွန်တော်တို့် တစ်ပတ်အတွင်း အစိုးရကိုငွေသွင်းမှာပါ။ ပစ္စည်းရှုံးတာမြတ်တာတွေ မတွက်ပါဘူး။ အလုပ်သမားတွေ အဆင်ပြေအောင်လို့ပါ။ ဒီပစ္စည်းတွေကို ပြန်ရောင်းမယ်။ ဖိနပ် လုပ်ငန်းရှင်တွေကို ပြန်ရောင်းမယ်" ဟု လေလံလုပ်ငန်းရှင် ဦးသန်းမြင့် အောင်ကပြောသည်။

ယင်းပွဲကို အောက်တိုဘာ ၉ ရက် နေ့လည် ၁ နာရီက လှိုင်သာယာမြို့နယ် ဇုန် (၄) ရှိ မာစတာစပေါ့ စက်ရုံ၌ တွင် ကျင်းပခဲ့ပြီး လုပ်ငန်းရှင် အယောက် ၅၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

မာစတာစပေါ့ ဖိနပ်စက်ရုံ ပိတ်သိမ်းကာ အလုပ်ရှင်က နစ်နာကြေးမပေးဘဲ တိမ်းရှောင်နေ၍ စက်ရုံအား ချိတ်ပိတ်ပြီးနောက် မာစတာစပေါ့စက်ရုံ ပစ္စည်းထိန်းသိမ်းရေးကော်မတီကို စက်တင်ဘာ ၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီ၌ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ကော်မတီအပါအဝင် မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးအောင်မင်း၊ လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ ဦးအောင်ဝင်း၊လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့၊ အလုပ်သမားကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ အလုပ်ရှင်ကိုယ်စားလှယ် မစ်စတာဂျောင်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ စက်မှုဇုန် စီမံခန်းခွဲရေးကော်မတီ၊ မြို့နယ်ဖိနပ်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း၊ အလုပ်ရှင် အလုပ်သမားဥပဒေ စစ်ဆေးရေးဌာနမှ ဦးစီးမှူး ဦးမျိုးကျော်ဦး တို့ ပါဝင်သည်။