ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) ဗျူဟာမှုး ဗိုလ်မှုးကြီး စောဆန်းအောင်ကို ဖမ်းဝရမ်း ထုတ်ထားခြင်း မရှိဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှုး ရဲမှုးကြီး မျိုးဆွေဝင်းက ၎င်း၏ ကိုယ်ရေးအရာရှိမှ တစ်ဆင့် အောက်တိုဘာ ၉ ရက်တွင် မဇ္စျိမကို အတည်ပြုသည်။
"ကျွန်တော်တို့ ရဲတွေက ဖမ်းဝရမ်းထုတ်လို့မရပါဘူး။ အဲဒီလိုလဲမထုတ်ထားပါဘူး"ဟု မွန်ပြည်နယ် ရဲမှုးကြီး ၏ ကိုယ်ရေးအရာရှိ ရဲအုပ် ရဲဝင်းက ဆိုသည်။
စောဆန်းအောင်ကို ကျိုက်မရော ရဲစခန်းက ဖမ်းဝရမ်းထုတ်ပြန်ထားသည်ဆိုသော သတင်းများထွက်ပေါ် နေခြင်းဖြစ်သည်။
"ကျွန်တော်တို့ ဒီသတင်းလည်း ဟုတ်လားမဟုတ်လားဆိုတာကို စစ်ဖက်ကော၊ အုပ်ချုပ်ရေးဖက်ကော တွေ့ပြီးပါပြီ အခုထိ ဖမ်းဝရမ်း ထုတ်တာမရှိဘူး ဒါက ကျွန်တော်တို့ တပ်မတော် တစ်ခုလုံးနဲ့ ဆိုင်တဲ့အရာပါ။
အဲဒီလိုလုပ်တယ်ဆိုရင်လည်း လုံးဝလက်ခံနိုင်မှာ မဟုတ်ဘူး"ဟု မြဝတီဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စိုးမြင့်က မဇ္စျိမကိုပြောသည်။
ထိုသို့ မှားယွင်းသော သတင်းထွက်ပေါ်မှုများကြောင့် DKBA အပေါ် ပြည်သူတို့ အထင်အမြင်လွဲမှားမည်ကို စိုးရိမ်သည်ဟု ၄င်းက ဆိုသည်။
"ရဲက ဝရမ်းထုတ်ခွင့်မရှိပါဘူး။ သက်ဆိုင်ရာ မြို့နယ် တရားသူကြီးက လက်မှတ်ထိုးပြီး ထုတ်ပေးမှ ဖမ်းနိုင်ပါတယ်။ ရဲက ကိုယ်တိုင်ထုတ်လို့မရပါဘူး"ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ရှင်းပြသည်။
တပ်မတော်နှင့် DKBAတို့ စက်တင်ဘာ ၂၆ရက် ကျိုက်မရောမှစ၍ လကုန်ပိုင်းအထိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။