ထိုင်းနိုင်ငံဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ရောက်ရှိနေချိန်တွင် ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း၌ ဗြိတိန်စုံတွဲနှစ် ဦးကိုသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများအရေး ပြန်လည်စိစစ်ပေးရန် အရပ်ဖက်လူမှု အဖွဲ့အစည်းတို့နှင့် တက်ကြွလှုပ်ရှားသူများက ဆန္ဒပြခြင်း အိတ်ဖွင့်ပေးစာပို့ခြင်းတို့ ပြုလုပ် တောင်းဆိုသွားမည်ဖြစ်သည်။
ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့၌ အောက်တိုဘာ ၁၀ ရက်တွင် ဆန္ဒပြရန် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ဦးနေမျိုးဇင်က စီစဉ်နေပြီး အောက်တိုဘာ ၁၁ ရက်တွင် ရခိုင်အမျိုးသား ကွန်ယက်က အချက်သုံးချက်ပါသော အိတ်ဖွင့်ပေးစာကို မြန်မာနိုင်ငံရှိ သရရုံးအားလုံးသို့ ပေးပို့ရန် စီစဉ်ထားနေကြသည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၉ ရက်တွင် ရောက်ရှိ ပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးနှင့် နှစ်နိုင်ငံကိစ္စများကို မြန်မာ အစိုးရနှင့် နေပြည်တော်တွင် ဆွေးနွေးရန်စီစဉ်ထားသည်။
ထို့နောက် အောက်တိုဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံရောက် ထိုင်း ရင်းနှီးမြှုပ်နှံသူများနှင့် ထိုင်းသံရုံးတွင် တွေ့ဆုံရန် စီစဉ်ထားသည်။
“ကျွန်တော်တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် ဆန္ဒပြတောင်းဆိုတာပါ။ ”ဟု ဗိုလ်ကြီးဟောင်းဖြစ်သူ ဦးနေမျိုးဇင်က ပြောသည်။
ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ရောက်မလာမီ တစ်ရက်အလိုကပင် ထိုင်းရဲတပ်ဖွဲ့၏ တင်ပြချက် ပြည့်စုံမှုမရှိဟုဆိုကာ ထိုင်းအစိုးရ ဥပဒေအကြံပေးအဖွဲ့က ပယ်ချထားသည်။
စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ဆူလတ်ဌာနီခရိုင် ကောတောင်(ခိုတောင်) ကျွန်းပေါ်တွင် ဗြိတိန်စုံတွဲ အသတ်ခံရမှုဖြင့် မြန်မာအလုပ်သမားများဖြစ်သည့် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ အဓ္ဓမမှုများဖြင့် ဖမ်းဆီးခဲ့ပြီး လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံချက်ရထားသည်ဟု ထိုင်းရဲတို့က ထုတ်ပြန်ထားသည်။
ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုနှင့် သတင်းထုတ်ပြန်မှုတို့ကို ထိုင်းမီဒီယာများကပင် ဝေဖန်နေကြပြီး ထိုင်းနိုင်ငံရောက် မြန်မာကောင်စစ်ဝန် ဦးဆောင်သော စုံစမ်းရေးအဖွဲ့ဝင်အချို့ကလည်း အမှန်တကယ် ကျူးလွန်ခဲ့ခြင်းမဟုတ်ဟု သံသယရှိကြောင်း မီဒီယာတို့ကို ပြောထားသည်။
ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာသမ္မတကလည်း ယင်းအရေး ဆွေးနွေးရန် စီစဉ်ထားသည်ဟု သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက အတည်ပြုထားသည်။