မူးယစ်ဆေးဝါး သုံးစွဲရောင်းချမှုများလာသဖြင့် တရားဥပဒေစိုးမိုးရေး ပိုမိုလုပ်ဆောင်သင့်ဟု ကယားဝန်ကြီးချူပ်ပြော

မူးယစ်ဆေးဝါး သုံးစွဲရောင်းချမှုများလာသဖြင့် တရားဥပဒေစိုးမိုးရေး ပိုမိုလုပ်ဆောင်သင့်ဟု ကယားဝန်ကြီးချူပ်ပြော
by -
ကန္တာရဝတီတိုင်းမ်

၂၀၁၄ ခုနှစ်တွင်း ကယားပြည်နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု နှင့် မူးယစ်ဆေးဝါး ရောင်းချဖမ်းဆီးရမိမှု ပိုမိုများပြားလာသည့်အတွက် တရားဥပဒေစိုးမိုးရေး ပိုမိုလုပ်  ဆောင်သင့်ပြီဟု ကယားပြည်နယ် ဝန်ကြီးချူပ်ခင်မောင်ဦးက ကအောက်တိုဘာ(၁)ရက်နေ့ တွင် လွိုင်ကော်မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ကယားပြည်နယ် ရဲတပ်ဖွဲ့ ရွှေရတု နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြား သွားခဲ့သည်။

“ကျနော်ပြောလိုတာ ကယားပြည်နယ်မှာ တစ်နှစ်တစ်နှစ် မူးယစ်ဆေးကိစ္စတွေ ဖြစ်ပေါ်လာတဲ့အမှုတွေ ပြန်ကြည့်ရင် တိုးတက်များပြားလာတယ်ဆိုတာ တွေ့ရတယ်။ ဒါကြောင့် တရားဥပဒေစိုးမိုးရေး ဒါကို ဒီထက်ဒီထက် ပိုးပြီးတော့ လုပ်ဆောင်သွားဖို့ လိုအပ်လာပြီဆိုတာ တင်ပြလိုပါတယ်” ဟု ပြောသွားသည်။

၎င်းကဲ့သို့ တဖက်က တားဆီးနှိမ်နင်းရေး လုပ်ဆောင်နေပါသော်လည်းသုံးစွဲမှု များနေသေးသည်မှာ ကယားပြည်နယ်သာမက တနိုင်ငံလုံးအတိုင်းအတာဖြင့် ရောင်းဝယ်မှုမှာ လွယ်ကူစွာ ပြန့်နှံ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ကယားပြည်နယ် အတွင်းရှိ လူကြီးလူငယ်အများစု သုံးစွဲနေနိုင်ခြင်းဖြစ်ကြောင်း ပြောသည်။

ကယားပြည်နယ်တွင် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ၂၀၁၄ ခုနှစ် မှ ၂၀၁၉ ခုနှစ်ထိ လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့ စသည့် (၃)မြို့နယ်တွင် (၅) နှစ်စီမံကိန်းစီမံချက်ချမှတ် လုပ်ဆောင်သွားမှာဖြစ်ပြီး ဘိန်းစိုက်တောင်သူတွေအတွက် ဘိန်းစိုက်ပျိုးမှုပပျောက်အောင် လူနေမှုအဆင့်အတန်း မြင့်တက်လာစေရန် စီမံကိန်းချမှတ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု (၂၀)မှ ဒုရဲမှူးလှလွင်က ပြောသည်။

မူးယစ်တပ်ဖွဲ့စု(၂၀) ဒုရဲမှူး လှလွင် “၂၀၁၄ မှာတုန်းကတော့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကတော့ တပ်ဖွဲ့စုအနေနဲ့ နေထိုင်ခြင်းမရှိသေးဘူး။ ကျနော်တို့၂၀၁၄ မှာကျတော့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအနေနဲ့ကတော့ တိုးချဲ့ဖွဲ့စည်းပြီးတပ်ဖွဲ့ (၂၀) ဒီမှာထိုုင်ပြီးတော့ တားဆီးနှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်တဲ့အတွက်ကြောင့် မလို့ မနှစ်ကထက်စာရင် ဒီနှစ်ပိုပြီးများပြားလာတယ်” ဟု ပြောသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်နေရာများ၊ မြို့နှင့်အလှမ်းဝေးသည့် နေရာများတွင် အခက်အခဲများရှိနေခြင်းကြောင့် ချက်ချင်း ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း လက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေဒေသဘက်များတွင်လည်း တပ်ဘက်ဆိုင်ရာအဖွဲ့အချင်းချင်း အထင်မှားအမြင်မှား ဖြစ်မည်စိုးရိမ်ရသဖြင့် အခက်အခဲရှိနေသေးကြောင်း သိရသည်။

“လက်ရှိတော့ကျနော်တို့ ဒီမြို့ပေါ်မှာဆိုရင်တော့ သိပ်အခက်အခဲမရှိပါဘူး။ ကျနော်တို့ တခြားဒေသမှာ ဆိုရင်တော့ ကျနော်တို့ လမ်းပန်းဆက်သွယ်ရေးခက်လို့ သွားရေးလာရေး ခက်တာတစ်ခုရှိတယ်။ နောက် ကျနော်တို့ ပြည်နယ်မှာသိတဲ့အတို်င်း အခြားနည်းနည်းဝေးတဲ့ နေရာတွေမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရှိတာပေ့ါ။ အဲဒီနေရာတွေ ကျတော့ သာမန်အနေနဲ့ ချက်ချင်းသွားလို့မရဘူး။ တပ် အချင်းချင်းမှားမှာစိုးလို့ အကြောင်း ကြားပြီးမှ သွားတာ အဲဒီအခက်အခဲတော့ ရှိတယ်” ဟု ဒုရဲမှူး လှလွင်က ပြောသည်။

၂၀၁၃ ခုနှစ်အတွင်းတွင် စိတ်ကြွဆေးပြားများ၊ ဘိန်းစိန်း၊ ဘိန်းမဲ၊ ဘိန်းညိုခဲများကို စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃၆ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း ၂၀၁၄ ခုနှစ်အတွင်းတွင် တန်ဖိုးငွေ စုစုပေါင်း ကျပ်သိန်းပေါင်း ၆၄၆၇ သိန်းဖမ်းဆီးရမိသည်ဟုသိရသည်။

ကယားပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများရှိနေသည့်အပေါ်တွင် ဘိန်းစိုက်ပျိုးသူအများစုသည် (၆၀) ရာခိုင်နှုန်း စားဝတ်နေရေးအတွက် အဓိကစိုက်ပျိုးကြပြီး (၃၀) ရာခိုင်နှုန်းသည် ငွေကြေး ရရှိရေးအတွက် စိုက်ပျိုးကြသူများဖြစ်ကြောင်းနှင့် ကျန်သော (၁၀) ရာခိုင်နှုန်းသည် အခြားကဏ္ဍတွင် ပါ၀င်နေကြောင်း သိရသည်။

ထို့ကြောင့် (၆၀)ရာခိုင်နှုန်းသော ဘိန်းစိုက်ပျိုးသူများကို (၅)နှစ်စီမံကိန်းဖြင့် ဘိန်းအစား အခြားသီးနှံစိုက်ပျိုး နိုင်ရန် စီမံချက်ချထားခဲ့ပြီး စားဝတ်နေရေးထောက်ပံ့မှုအတွက် နိုင်ငံတော်က ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေသည်ဟု သိရသည်။