ရှမ်းပြည်နယ် တောင်ပိုင်း လဲချား မြို့နယ် တွင်းရှိ ပင်လုံ - လဲချား သွားသည့် လမ်းမကြီး ပေါ်၌ စက်တင်ဘာ (၆) ရက်နေ့၌ အစိုးရ တပ်မတော်နှင့် အမည်မသိ လက်နက်ကိုင် အဖွဲ့တို့ ပစ်ခတ်မှု (၂) ကြိမ် ဖြစ်ပွား ခဲ့ကြောင်း ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) မှ ဗိုလ်မှူး စိုင်းထူးက ပြောသည်။
“မနက် ရ နာရီမှာ တခါ နောက်ပြီး မနက် ၉ နာရီ ထိုးခါနီးမှာ တစ်ခါ ပင်လုံနဲ့ လဲချား သွားတဲ့ လမ်းမကြီး ပေါ်မှာ ပတ်ခတ်မှု (၂) ကြိမ် ဖြစ်ပွားတယ်၊ တပ်ဘက်က တစ်ယောက် ကျသွား တယ်လို့ ပြောတယ်” ဟု ဗိုလ်မှူး စိုင်းထူးက ပြောသည်။
ထိုပစ်ခတ်မှုမှာ မိမိတို့ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ တပ်မတော် RCSS/SSA နှင့် ပစ်ခတ်မှု ဖြစ်ခဲ့ခြင်း မဟုတ်ကြောင်း ဗိုလ်မှုး စိုင်းထူးမှ ဆက်ပြောသည်။
ထိုသို့ ပစ်ခတ်မှု ဖြစ်ပွား ခဲ့ခြင်း မှာလည်း မှန်ကန် ကြောင်းနှင့် ဖြစ်စဉ်အား စုံစမ်းဆဲ ဖြစ်ကြောင်း လဲချားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က ပြောသည်။
“ကျနော်လည်း ပစ်ခတ်မှု ဖြစ်တယ်လို့ အဲလိုပဲ သတင်း ကြားတယ်၊ တပ်နဲ့ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာ မသိရဘူး၊ မနက်ဖြန် လဲချားကို သွားပြီး စုံစမ်းဖို့ ရှိပါတယ်” ဟု ဦးစိုင်းမောင်တင်က ပြောသည်။
မြန်မာ့ တပ်မတော် တပ်ဖွဲ့နှင့် အမည် မသိ လက်နက်ကိုင် တို့အကြား ဖြစ်ပွား ခဲ့သည့် အဆိုပါ ပစ်ခတ်မှု၌ ထိုပစ်ခတ်မှု ဖြစ်ပွား ခဲ့သည့် နယ်မြေသည် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ တပ်မတော် (RCSS/SSA) ထိန်းချုပ် နယ်မြေ ဖြစ်နေ သဖြင့် တပ်ဘက်မှ RCSS/SSA မှ ပစ်ခတ်သည်ဟု စွပ်စွဲ လျက်ရှိကြောင်း ဗိုလ်မှူး စိုင်းထူးက ပြောသည်။
“အပစ်ခံ ရတဲ့ အဖွဲ့က တပ်မ ၅၅ လို့ ကြားတယ်။ အဲဒီ နယ်မြေက RCSS/SSA နယ်မြေ ဆိုတော့ ကျနော်တို့ အဖွဲ့က ပစ်တယ်လို့ သူတို့ ပြောချင် နေတယ်”ဟု ဗိုလ်မှူးစိုင်းထူးက ပြောသည်။
ထိုတိုက်ပွဲ ဖြစ်ပွားရာ ဒေသတွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ တပ်မတော် (RCSS/ SSA) အပြင် မန့်ပန် ပြည်သူ့စစ် တပ်မဟာ (၇၅၈) နှင့် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO) ၊ ပအိုဝ်း ဌာနေ ပြည်သူ့စစ် အဖွဲ့ တို့လည်း လှုပ်ရှား လျက် ရှိနေသည်။
လဲချားမြို့မှ ဒေသခံ တစ်ဦး ကမူ အဆိုပါ ပစ်ခတ် မှုမှာ ရှမ်းလက်နက်ကိုင် အဖွဲ့ တစ်ခုနှင့် ပစ်ခတ်မှု ဖြစ်ပွား သည်ဟု ယူဆကြောင်း ဆိုသည်။
“ကျနော် ထင်တာ ကတော့ ရှမ်းအဖွဲ့နဲ့ ဖြစ်ဖို့ များတယ်၊ SSPP/SSA တာဖာဆောင်းမှာ အတိုက်ခံ ရပြီး နောက်မှာ စစ်ရေး သတိ ပိုရှိ လာသလို ဖြစ်လာတယ်၊ အခုလို သတင်း မပေးပဲ တပ်မတော်ဘက်က ဝင်ထွက် သွားလာမှု လုပ်မယ် ဆိုရင် ရှမ်းတပ်က ပစ်ခတ်ဖို့ ရှိလာ နိုင်တယ်” ဟု အမည်မဖော် လိုသည့် လဲချား ဒေသခံမှ ပြောသည်။
ရှမ်းပြည်နယ် မိုင်းရှူး မြို့နယ် တာဖာဆောင်း ဒေသတွင် အောက်တိုဘာ ၂ ရက်မှ ၅ ရက်နေ့ အထိ သုံးရက် ဆက်တိုက် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA နှင့် မြန်မာ တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွား ခဲ့ကြပြီး SSPP/SSA မှ စခန်း (၅) ခုအား ဆုတ်ခွာ ပေးခဲ့ ရကြောင်း SSPP/SSA ဗဟို ကော်မီတီဝင် စဝ်ပန်ဖက ပြောသည်။
သုံးရက်တာ အတွင်း တိုက်ပွဲ (၂၅) ကြိမ်ခန့် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး ထိုတိုက်ပွဲ အတွင်း၌ SSPP/SSA တပ်ဖွဲ့နှင့် အစိုးရ တပ်တို့ နှစ်ဖက်စလုံး ထိခိုက် ကျဆုံးမှု ရှိခဲ့ကာ ၊ ဒေသခံ ရွာသား နှစ်ဦးလည်း တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်၍ သေဆုံး ခဲ့ရသည်။
ယခု ပင်လုံ - လဲချား လမ်းမကြီး ပေါ်၌ ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်မှုမှာ ထိတွေ့မှု အငယ်သာ ဖြစ်ပြီး တိုက်ပွဲ ကြီးကြီး မားမား ဖြစ်ခဲ့ခြင်း မဟုတ်ကြောင်း ဗိုလ်မှူး စိုင်းထူးက ဆိုသည်။
သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ၂၀၁၂ မေလတွင် ဒုတိယ အကြိမ် တွေ့ဆုံ ခဲ့ပြီး ပြည်ထောင်စု အဆင့် အပစ် အခတ် ရပ်စဲရေး သဘော တူညီချက် ရရှိ ခဲ့သည်။
ထိုကဲ့သို့ ပြည်ထောင်စု အဆင့့်် ဆွေးနွေး ပွဲပါ ကျင်းပပြီး အပစ်အခတ် ရပ်စဲ ထားနိုင် ခဲ့သော်လည်း အပစ် အခတ် ရပ်စဲပြီးချိန်မှ စ၍ ယနေ့ အထိ တိုက်ပွဲပေါင်း အကြိမ် (၁၅၀) ခန့် ပြန်လည် ဖြစ်ပွား ခဲ့ကြပြီး ဖြစ်သည်။
သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၏ ဆက်ဆံရေး ရုံးများကို ရှမ်းပြည် မြောက်ပိုင်းရှိ မူဆယ်မြို့၊ ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ ၊ ရှမ်းပြည် တောင်ပိုင်းရှိ တာချီလိတ် မြို့နှင့် မိုင်းဆတ်မြို့ တို့တွင် ဖွင့်လှစ် ထားပြီး ဖြစ်သည်။
ထို့ပြင် တိုင်းဌာနချုပ် တပ်များနှင့် ဆက်ဆံနိုင်ရန် တောင်ကြီးနှင့် အရှေ့ အလယ်ပိုင်း တပ်ဖြစ်သော ခိုလမ် မြို့တို့ တွင်လည်း ဆက်ဆံရေး ရုံးများ ဖွင့်လှစ် ထားရှိ ပါသည်။ စီးပွားရေး အရ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီသည် “ရှမ်းတောင်တန်း ချယ်ရီ ကုမ္ပဏီ” ကိုလည်း တည်ထောင် ထားသည်။