နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် မဲပေးရွေးချယ်နိုင်မည့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၄ တွင် ကျင်းပမည်ဟု ကြေညာထားသော်လည်း မည်သို့မဲပေး ရမည်ကို ပြည်သူတို့ထံ ကျယ်ပြန့်စွာ အသိပေးထားခြင်းမရှိဟု ရန်ကုန်တိုင်း လွှတ်တော်အမတ်အချို့က ဝေဖန်သည်။
"အများစုကိုမေးကြည့်တော့ မဲပေးခွင့်ရော ရွေးချယ်ခွင့်ပါ သိလည်းမသိကြဘူး။ စိတ်ပါဝင်စားမှုလည်း မရှိကြဘူး" ဟု ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်ကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲပေးခွင့်ရှိသူများ၊ သတ်မှတ်ချက်များ၊ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံ ခွင့်ရှိသူများ၊ အရည်အချင်း သတ်မှတ်ချက်များကို သက်ဆိုင်ရာမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် ကြေညာထားသည်။
ယင်းသို့ အသိပညာပေးမှု အားနည်းနေခြင်းကို ရန်ကုန်တိုင်းဆိပ်ကမ်းအမှတ် (၂)မဲဆန္ဒနယ် လွှတ်တော်အမတ် ဦးနေမျိုးအောင်က ဝေဖန်လိုက်ပြီး စစ်အာဏာရှင် ခေတ်စနစ်ဟောင်းကို ပြန်သွားနေခြင်းဟု သုံးသပ်သည်။
"ဒီလောက်လေးလုပ်နေရုံနဲ့ လုံလောက်ပါတယ် တာဝန်ကျေတယ်ပြောနေလို့ မရပါဘူး။ လူထုမပြောနဲ့ ကျွန်တော်တောင် မသိဘူး" ဟု ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်မှ ရေးဆွဲထားသည့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ နည်းဥပဒေသည် ကန့်သတ်မှုများ၊ အားနည်းချက်များရှိနေသောကြောင့် ဖြည့်စွက်ပြုပြင်သင့် သည်ဟုလည်း ရန်ကုန်တိုင်းအမတ် အချို့က မှတ်ချက်ပြုသည်။