တစ်နိုင်ငံလုံး အပစ်အပစ် ရပ်စဲရေးအား ၂၀၁၅ အလွန် မှသာ ရေးထိုးရန်နှင့် ဖက်ဒရယ် တပ်မတော် အား မဖြစ်မနေ တည်ဆောက်ရန် ကြိုးပမ်း နေသည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အမြင် လွဲနေကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေး ဆိုခွင့် ရှိသူ စိုင်းလိတ်က ပြောသည်။
“ကာချုပ်က နေပြီး ဂျပန် နိုင်ငံကို မထွက်သွား ခင်လေးမှာ စစ်သင်တန်း ကျောင်းရဲ့ သင်တန်းဆင်းပွဲ တစ်ခုမှာ ဖက်ဒရယ် တပ်မတော် တည်ဆောက်ရေးနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးကို ထိခိုက် စေနိုင်တယ် ဆိုပြီး ထုတ်ဖော် ပြောကြား ထားတာ ရှိတယ်၊ အဲဒီ အမြင်နဲ့ ပတ်သက်ပြီး UNFC နဲ့ ဆွေးနွေး ခဲ့တယ်၊ နောက်တစ်ချက်က ကျွှန်တော်တို့ UNA နဲ့ NLD နဲ့ UNFC နဲ့ ၂၀၁၅ လွန်မှသာ အပစ်ရပ် လက်မှတ် ထိုးဖို့ သဘောတူ ထားတယ်လို့ ကာချုပ်က သတင်း ကြားထားတယ်၊ အဲဒါလည်း မှားယွင်းတဲ့ သတင်းသာ ဖြစ်ပါတယ်" ဟု စိုင်းလိတ် က ပြောသည်။
UNFC အဖွဲ့သည် ဖက်ဒရယ် တပ်မတော် တည်ထောင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၅) နှင့် ဝ၊ မိုင်းလား အဖွဲ့များအား လိုက်လံ စည်းရုံး နေသည်ဟု ထင်မြင် နေကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒု-ဥက္ကဋ္ဌ များမှ တဆင့် ပြောကြား လာကြောင်းနှင့် ၎င်းအား UNFC အဖွဲ့သို့ တင်ပြ ညှိနှိုင်း ခဲ့ကြောင်း စိုင်းလိတ်က ပြောသည်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ထိုကဲ့သို့ အထင်မှား အမြင်များ ဖြစ်ပေါ် နေကြောင်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ဒု-ဥက္ကဋ္ဌ နှစ်ဦး ဖြစ်သည့် ဦးအောင်မင်းနှင့် ဦးစိုးသိန်း တို့မှ ရှမ်း အဖွဲ့ အစည်း များနှင့် တွေ့ဆုံရန် လာသည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား စကား ပါးလိုက်ရာ ထိုအမှာ စကားကို UNFC မှ တာဝန်ရှိသူ များနှင့် အောက်တိုဘာလ (၆) ရက်နေ့၌ တွေ့ဆုံ ပွဲတွင် ရှင်းလင်း ပြောကြား ခဲ့ကြောင်း စိုင်းလိတ်က ပြောသည်။
အောက်တိုဘာလ (၆) ရက်နေ့ ၌ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC) နှင့် အလွတ် သဘော တွေ့ဆုံ ခဲ့ရာတွင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD), ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) မှ ထိပ်တန်း တာဝန် ရှိသူများ ဖြစ်သည့် ဦးခွန်ထွန်းဦးနှင့် ဗိုလ်ချုပ် ဆေထင်တို့ ဦးဆောင်၍ တက်ရောက် ခဲ့ကြသည်။
၎င်းရှမ်း ကိုယ်စားလှယ် အဖွဲ့ တို့အား ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ နိုင်ဟံသာ၊ ခူဦးရယ်၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ စသည့် တာဝန်ရှိသူ များမှ ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ လက်ခံ တွေ့ဆုံ ခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး အပေါ် အထင်မှား နေခြင်းမှာ တပ်ချုပ်မှ အပေါ်ယံ သဘောဖြင့် ကောက်ချက်ချ လိုက်ခြင်းသာ ဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်မှ ပြောသည်။
“တပ်ချုပ်က အလုံးစုံ မသိတဲ့ အပေါ်မှာ အပေါ်ယံ သဘောနဲ့ သတင်း အပေါ်မှာ အခြေပြု ပြီးတော့ သူရဲ့ အမြင်နဲ့ ကောက်ချက် ဆွဲလိုက်တဲ့ သဘောလို့ နားလည် တယ်နော်၊ အဲဒါကို ကျွှန်တော် တို့က ပြန်လည် ရှင်းလင်း ပြောကြား ခဲ့တယ်၊ ဖက်ဒရယ် တပ်မတော် ဆိုတာက ဖက်ဒရယ် စနစ်ကို ရောက်သွားတယ် ဆိုရင် တပ်မတော်ကိုလဲ ဖက်ဒရယ် ပုံစံ ပီပြင်အောင် ဘယ်လို ဖွဲ့မလဲ၊ တပ်မတော် အသွင် သဏ္ဍာန်ဟာ ဘယ်လိုလဲ ဆိုတာ ရည်ရွယ် တာပါ၊ သီးခြား ဖွဲ့စည်းမှာ မဟုတ်ပါဘူး” ဟု ခူဦးရယ်က တုံ့ပြန် ပြောကြား ခဲ့သည်။
UNFC မှ ဖွဲ့စည်း ထားသည့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ တို့သည် ရန်ကုန်မြို့ရှိ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ၌ ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ဆဋ္ဌမ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အချောသတ် မူကြမ်း ရရှိရန် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး အထူး သဖြင့် တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ် များတွင် သဘောတူညီမှု မရပဲ ပြီးဆုံး ခဲ့ရသည်။
ထို့နောက် ၌လည်း သမ္မတ ဦးသိန်းစိန်မှ ၎င်း၏ လစဉ် ထုတ်လွှင့်သည့် ရေဒီယို မိန့်ခွန်း၌ ၂၀၁၅ ခုနှစ် အတွင်း အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်မှသာလျှင် နိုင်ငံ၏ အနာဂတ်ကို ပုံဖော် ထုဆစ်မည့် နိုင်ငံရေး ဆွေးနွေးပွဲ များကို စတင်ခြင်းနှင့် နိုင်ငံရေး တည်ငြိမ်မှု ရှိကာ ၂၀၁၅ ခုနစ် ရွေးကောက်ပွဲ ကိုလည်း အောင်မြင်စွာ ကျင်းပ နိုင်မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့ပြီးသည်။
သို့သော်လည်း လက်ရှိ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ရရှိ ထားသည့် ယုံကြည်မှု တည်ဆောက်ရေး အဆင့် တစ်ခုနှင့် လက်ရှိ ဖော်ဆောင်နေသည့် တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေး ဖြစ်စဉ်အား ထိခိုက်မည် မဟုတ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က ဆက်ပြောသည်။
“ကျွှန်တော်တို့ ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက် မယ်လို့ မမြင်ပါဘူးနော်၊ သူ့အမြင် ကိုယ့်အမြင် လေးတွေကို ဖလှယ်ခြင်း အားဖြင့် လူချင်း တွေ့တော့မှပဲ ပွင့်ပွင့် လင်းလင်း ရှင်းလင်း မယ်လို့ မြင်ပါတယ်၊ ဒါကြောင့် မို့လို့ မကြာ ခဏတော့ တွေ့ကြဖို့ လိုပါတယ်။ ထင်တာ မြင်တာနဲ့ ကောက်ချက် ဆွဲမယ် ဆိုရင်တော့ သံသယ သဘော မျိုးတွေ ဖြစ်လာ နိုင်ပါတယ်” ဟု ခူဦးရယ်က ပြောသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ် ပထမအဆင့် တနိုင်ငံ အပစ်အခတ် ရပ်စဲရေး ဖော်ဆောင် နိုင်ရန် အတွက် တပ်မတော်မှလည်း ၎င်းတို့၏ ထားရှိသည့် မူဝါဒ (၆) ရပ်အား အလျော့အတင်း ပြုလုပ်ရန် လိုအပ် နေကြောင်းနှင့် အထူးသဖြင့် ဆွေးနွေး ညှိနှိုင်းရာတွင် တပ်မတော်မှ မူဝါဒ များနှင့် ညှိနှိုင်းရ ခက်ခဲနေသဖြင့် ၎င်းအား အလျော့အတင်း လုပ်ရန် လိုသည်ဟု စိုင်းလိတ်ကလည်း ဆိုသည်။