ဝမ်ဟိုင်းစစ်ဌာနချုပ်ကို သိမ်းမည်မဟုတ်ကြောင်း ဦးအောင်မင်း ကတိပြုထားဟုဆို

ဝမ်ဟိုင်းစစ်ဌာနချုပ်ကို သိမ်းမည်မဟုတ်ကြောင်း ဦးအောင်မင်း ကတိပြုထားဟုဆို
by -
မဇ္စျိမ

ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော်(SSPP/SSA) ၏ ဝမ်ဟိုင်း စစ်ဌာနချုပ်ကို တပ်မတော်မှ တိုက်ခိုက် သိမ်းပိုက်မည် မဟုတ်ဟု SSPP/SSA ခေါင်းဆောင်များအား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကတိပေးပြောဆိုထားသည်ဟု ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်းမှ ဦးစိုင်းစောသန်းမြင့်က မဇ္စျိမကိုပြောသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အောက်တိုဘာ ၂ရက်မှ ၄ရက် အထိ တွေ့ဆုံခဲ့သည့် တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်များ၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲတွင် ဝန်ကြီးဦးအောင်မင်း က ယင်းကဲ့သို့ ပြောခြင်းဟု ဆိုသည်။

U-Aung-Min

“ဦးအောင်မင်းက ပြောတယ်၊ သမ္မတ ပြောထားရှိပါတယ်၊ ဝမ်ဟိုင်းကို တပ်မတော်က သိမ်းဖို့အစီအစဉ် မရှိပါဘူးလို့ SSPP ကို အစည်းအဝေးမှာ ပြောပါတယ်” ဟု ဦးစိုင်းစောသန်းမြင့်က ပြန်လည်ပြောသည်။

၀မ်ဟိုင်းမှာ SSPP/SSA ၏ စစ်ဌာနချုပ်ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျေးသီးမြို့နယ်တွင် တည်ရှိသည်။

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်အတွင်းရှိ တာဖာဆောင် ဒေသတစ်ဝိုက်တွင် SSPP နှင့် အစိုးရတပ်တို့ အောက်တိုဘာ ၂ရက်မှ ၄ရက်အထိ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက် ကျဆုံးမှုများ ရှိခဲ့သည်ဟု နှစ်ဖက်လုံးက ဆိုသည်။ ယင်းတိုက်ပွဲများကို ရပ်တန့်ရန် အောက်တိုဘာ ၄ရက်က ရှမ်းလက်နက်ကိုင် အဖွဲ့နှစ်ခုနှင့် ရှမ်းပါတီနှစ်ခု ပူးပေါင်းကာ သမ္မတထံ စာပေးပို့ခဲ့သည်။

ဦးစိုင်းစောသန်းမြင့်က “ အောက်ခြေမှာတော့ နားလည်မှု မရသေးတော့ တိုက်ပွဲဖြစ်တယ်၊ တစ်ပြည်လုံးအပစ်ရပ် စာချုပ် (NCA ) က မကြာခင်လက်မှတ်ထိုးဖြစ်တော့မယ်လို့ အစည်းအဝေးမှာ သိရတယ်” ဟု ဆိုသည်။

SSPP/SSA နှင့် တပ်မတော်အကြား တစ်နှစ်ခွဲအတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ အကြိမ် ၁၀၀ ကျော်ခန့် ရှိနေပြီဖြစ်ကာ SSPP/SSA ၏ တပ်စခန်း ၅ ခုကို တပ်မတော်က သိမ်းယူထားသည်ဟု SSPP  ဗိုလ်မှူးတစ်ဦးက မဇ္စျိမကိုပြောသည်။

SSPP/SSA နှင့် အစိုးရတို့သည် ပဏာမ ပြည်ထောင်စု အပစ်အခတ်ရပ်စဲရန် ၂၀၁၂ ခုနှစ်တွင် လတ်မှတ်ထိုးထားပြီး လက်ရှိတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုရာတွင် ပါဝင် ဆွေးနွေးနေကြသည်။