စျေးနှုန်း မြင့်မားသော တရုတ် လျှပ်စစ်မီး အစား မြန်မာ လျှပ်စစ်မီးသာ မူဆယ်မြို့ခံ များ အလိုရှိ

စျေးနှုန်း မြင့်မားသော တရုတ် လျှပ်စစ်မီး အစား မြန်မာ လျှပ်စစ်မီးသာ မူဆယ်မြို့ခံ များ အလိုရှိ
by -
သျှမ်းသံတော်ဆင့်

တရုတ်ပြည်မှ လျှပ်စစ်မီး သွယ်တန်း အသုံးပြု နေရသော သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ ကျေးရွာအုပ်စု ၁၁ စုမှ ရွာပေါင်း ၅၄ ရွာက မြန်မာ့ လျှပ်စစ် ဓါတ်အားကို  သုံးစွဲ လိုကြကြောင်း သိရသည်။

တဖက်နိုင်ငံက လျှပ်စစ်မီးကိုတစ်ယူနစ် ၂ . ၅ ယွမ် (ကာလပေါက်စျေးအရ မြန်မာငွေ ကျပ် ၃၀၀ မှ  ၃၅၀ အထိ)  ပေးဆောင်အသုံးပြုရ ကြောင်း၊ စျေးနှုန်းမြင့်မားစွာ ပေးသုံးနေရသောကြောင့် စျေးနှုန်းသက်သာသော မြန်မာ့လျှပ်စစ်မီးကို  အသုံးပြု လိုကြကြောင်း ဒေသခံများကပြောဆိုသည်။

တရုတ်မီးသုံးနေသော ကျေးရွာများမှာ တရုတ်မီတာဘောက်စ် တစ်လုံးကို မြန်မာငွေ ကျပ် ၂ သိန်းခွဲနီးပါးပေး ရပြီး ထရန်စဖော်မာတစ်လုံးကို ငွေကျပ်သိန်း ၃၀ ပေးရသည်ဟုဆိုသည်။

“တရုတ်မီးကအာမခံချက်မရှိဘူး။ ယူနစ်ပျောက်တာများတယ်။ ပုံမှန်မရှိဘူး ။ ကောက်ချင် သလိုကောက်တယ်။ ကျနော်တို့နိုင်ငံက ထွက်တဲ့ လျှပ်စစ်ကို တစ်ဖက်နိုင်ငံကနေ စျေးကြီးပေး ပြီးပြန်ဝယ်သုံးနေရတာ။ ပြောရရင် တန်းတူ အခွင့်အရေးရဖို့ ဝေးနေသေးတယ်။ ကျနော်တို့ လည်း  နေပြည်တော်တို့ ရန်ကုန်တို့လိုဘဲ တန်းတူအခွင့် အရေး ရချင်ပါတယ် ” ဟု မူဆယ်ဒေသခံ စိုင်းမိုင်းလုံ ကပြောသည်။

စက်တင်ဘာလ ၁၉ ရက် သျှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီးဦးစိုင်းထွန်းရင်က မူဆယ်ခရိုင်ရှိမြို့နယ်  ၃ ခု မှ မြန်မာ့ လျှပ်စစ်ဓါတ်အားရလိုသော  ရွာသားများနှင့်တွေ့ဆုံပြီး ကျေးရွာများ မီးလင်းရေး အတွက် ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါ ရွာများအနေနှင့် မြန်မာ့လျှပ်စစ်မီး သွယ်တန်းလိုပါက ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့်သာ ဆောင်ရွက်ရမည်ဟု  ၀န်ကြီး ဦးစိုင်းထွန်းရင်က ပြောကြားသွားခဲ့ကြောင်း ဒေသခံများကဆိုသည်။

မူဆယ်မြို့တွင် ရွာပေါင်း ၂၇၉  ရွာရှိရာ အစိုးရ၏လျှပ်စစ်မီးရရှိသော ရွာ ၂၆ ရွာနှင့် တရုတ်မီးအသုံးပြုသော ရွာ ၅၄ ရွာရှိသည်။ လက်ရှိတွင်ကျေးရွာမီးလင်းရေးအတွက် မီးလင်းရေးကော်မတီများ ဖွဲ့စည်းထားပြီး ရွာအလိုက် မီး သွယ်တန်းဖို့ ငွေကြေးများ စုဆောင်းထား လျက်ရှိကြောင်းသိရသည်။

မူဆယ်မြို့တွင် လျှပ်စစ်ဓါတ်အားမလုံလောက်စွာမရရှိသေးသည့်အတွက် ညအချိန်လုယက်မှု မကြာခဏ ဖြစ်ပွား သည်ဟုဒေသခံများက ပြောဆိုနေကြသည်။

သျှမ်းပြည်နယ်အတွင်း မီးမရရှိသေးသော ကျေးရွာပေါင်း ၉၀၀၀ ကျော်ရှိ နေဆဲဖြစ်ပြီး နယ်စပ်နေ အချို့ ကျေးရွာ များသည် တဖက်နိုင်ငံမှမီးကိုသာ စျေးကြီးပေးအသုံးပြုနေကြပြီး ငွေကြေးမတတ်နိုင်သည့် ကျေးရွာများမှာမူ ဆိုလာပြား များကိုသာ အသုံးပြုလျက်ရှိသည် ဟုသိရသည်။