သျှမ်းပြည် တပ်မတော် SSPP/SSA နယ်မြေသို့ အစိုးရ တပ်မတော် စစ်အင်အား အလုံး အရင်း သုံးပြီး တိုက်ခိုက် နေခြင်းသည် လက်ရှိ ငြိမ်းချမ်းရေး တည်ဆောက် နေချိန်နှင့် မသင့်လျော်သောကြောင့် ငြိမ်းချမ်းရေး ပျက်ခဲ့လျှင် မြန်မာ့ တပ်မတော်က ဖျက်ဆီး သူဟု RCSS/SSA က ပြောကြား လိုက်သည်။
မြန်မာ့တပ်မတော်အနေဖြင့် ရလခ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက် တပ်ရင်းများ၊ ရမခ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းများ အင်အား ၁၀၀၀ ကျော် သုံးကာ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA အား ထိုးစစ်ဆင်နေခြင်းသည် ငြိမ်းချမ်းရေး ပျက်စီးအာင် ဖျက်ဆီးနေခြင်းနှင့် တူသည်ဟု RCSS/SSA က ကြေငြာချက်တစ်စောင် ထုတ်ပြန် လိုက်သည်။
“သျှမ်းပြည်တပ်မတော် SSPP/SSA ကို အခုလိုထိုးစစ်ဆင်နေတဲ့အပေါ် အစိုးရအနေနဲ့ ဖြေရှင်းပေးသင့် တယ်။ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ဘဲမဟုတ်ဘူး၊ တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလဲ သိထားသင့်တယ်။ မြန်မာ့တပ်မတော်က ရိုးသားမှုမရှိဘူး၊ အပြောတမျိုးအလုပ်တမျိုးလုပ်နေတယ်။ တိုင်းရင်းသားဒေသမှာ အင်အားမလျှော့တဲ့အပြင် အင်အားတိုးချပြီးထိုးစစ်ဆင်နေတယ်။ ဒီကိစ္စကို ပြန်သုံးသပ်သင့်တယ်။ ငြိမ်းချမ်းရေးပျက်ရင် မြန်မာ့တပ်မတော်က ဖျက်တဲ့သူဘဲ” ဟု သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိဏ်းက ပြောသည်။
RCSS/SSA ၏ အောက်တိုဘာ ၃ ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ကြေငြာချက်တွင် - (၁) အင်အား ထောင် ဂဏန်းသုံးပြီး SSPP/SSA အပေါ် မြန်မာ့တပ်မတော် ထိုးစစ်ဆင်နေသည့်လုပ်ရပ်အား အပြင်းအထန် ကန့် ကွက်ကြောင်း၊ (၂) မြန်မာ့တပ်မတော်လုပ်ရပ်သည် သမ္မတကိုယ်တိုင် ဦးဆောင် တည်ဆောက် နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် မြန်မာ့တပ်မတော်ကိုယ်တိုင် ချမှတ်ထားသည့် မူ ၆ ရပ်နှင့်လည်း ဆန့်ကျင်သွေဖည်နေကြောင်း၊ (၃) ငြိမ်းချမ်းရေးတည်ဆောက်ထားသော တိုင်းရင်းသားတော်လှန်ရေး တပ်မတော်များအနေဖြင့် မြန်မာ့တပ်မတော်လုပ်ရပ်အပေါ် ပြန်လည်သုံးသပ်သင့်ကြောင်း ပါရှိသည်။
လက်ရှိတွင် မြန်မာအစိုးရ တပ်မတော်သည် သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေအတွင်း အင်အားအလုံးအရင်းဖြည့်ကာ ထိုးစစ်ဆင်နေသောကြောင့် အောက်တိုဘာလ ၂ရက်နေ့နှင့် ၃ရက်နေ့အတွင်း တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။