သျှမ်း လူငယ် ကွန်ယက် (SYO)၏ ယဉ်ကျေးမူ နှင့် လူငယ် စွမ်းရည်မြင့် သင်တန်း ဆင်းပွဲ တောင်ကြီး မြို့တွင် ကျင်းပ

သျှမ်း လူငယ် ကွန်ယက် (SYO)၏ ယဉ်ကျေးမူ နှင့် လူငယ် စွမ်းရည်မြင့် သင်တန်း ဆင်းပွဲ တောင်ကြီး မြို့တွင် ကျင်းပ
by -
သျှမ်းသံတော်ဆင့်

သျှမ်း လူငယ် ကွန်ယက် SYO (Shan Youth Organization) ၏ လူငယ် စွမ်းရည် မြင့်တင်သည့် သင်တန်း နှစ်လတာ ဖွင့်လှစ် ပြီးစီးရာ သင်တန်းဆင်း အခမ်းအနားကို စက်တင်ဘာလ ၃၀ ရက်နေ့က တောင်ကြီးမြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှု ခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းသားများ အပါအဝင် ပါတီနှင့်အဖွဲ့အစည်း အသီးသီးမှ ဧည့်သည်တော် ၂၀၀ ခန့် တက်ရောက်ခဲ့သည်။

IMG 20140930 100510

ပထမဆုံးအကြိမ်အဖြစ်ဖွင့်လှစ်သော အဆိုပါသင်တန်းနှင့်ပတ်သက်ပြီး  SYO ဥက္ကဌ  စိုင်းခေးလျိုက “ ပထမဆုံးအကြိမ်သင်တန်းဖြစ်ပါတယ်။  ဒီတခေါက်တော့ သင်တန်းသား ၂၀ လောက်ရှိပါတယ်။ သျှမ်းပြည်တောင်ပိုင်း မြောက်ပိုင်းပေါ့။ ကချင်ပြည်နယ်ဘက်ကလာတဲ့ ကျနော်တို့ တိုင်းလိုင် တိုင်းခမ်းတီး တို့လည်းပါပါတယ်။” ဟု ပြောသည်။

သျှမ်းလူငယ်များ ကွန်ယက်၏ အဓိကရည်ရွယ်ချက်မှာ သာသနာ၊စာပေ၊ ယဉ်ကျေးမှု ဗဟုသုတများအပြင် မျိုးဆက်သစ်လူငယ်များကိုစွမ်းရည်မြင့်တင်ပေးရန်ဖြစ်ကြောင်း စိုင်းခေးလျိုကပြောသည်။

သျှမ်းပြည်အလယ်ပိုင်းက သင်တန်းသူတစ်ဦးက- “ ဒီသင်တန်းကနေ လူငယ်မောင်မယ်တွေ ချစ်ကြည်ရင်းနှီး တတ်လာတယ်။ ကူညီရိုင်းပင်းတတ်လာတယ်။ သျှမ်းရိုးရာယဉ်ကျေးမှု ရဲ့တန်ဖိုးကိုပိုမိုနားလည်လာတယ်။ ထိန်းသိမ်းချင်တဲ့စိတ်တွေလည်းရှိလာတယ်။ အရမ်းကိုတန်ဖိုးရှိတဲ့သင်တန်းဖြစ်ပါတယ်။ ” ဟု ပြောဆိုသည်။

မျိုးဆက်သစ်လူငယ်များ ပြောင်းလဲတိုးတက်နေသည့်ခေတ်နှင့်အညီ စွမ်းရည်ပြည့်ဝသော လူငယ်မောင် မယ် များပေါ် ထွက်လာစေနိုင်ရန်နှင့် တိုင်းရင်းသားလူငယ်များအချင်းချင်း ချစ်ခင်ရင်းနှီးပြီး  ပညာရေး ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပိုမိုစွမ်းဆောင်လာနိုင်အောင် ရည်ရွယ်ကြောင်း၊ လူမှုအသိုင်းအဝိုင်း ကူညီပံ့ပို်းမှုများဖြင့် ကျစ်လစ်စွာ ထုံးဖွဲ့ထားသော တိုင်းရင်းသားယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းတတ်ရန် ရည်ရွယ် ကြောင်း လည်း ဥက္ကဌ  စိုင်းခေးလျိုက ရှင်းပြသည်။

လူငယ်စွမ်းရည်မြင့်တင်သည့် အဆိုပါသင်တန်းကဲ့သို့ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်၊ လဲချား၊ ကျေးသီး၊ သီပေါ၊ မြောက်ပိုင်း တန့်ယန်း၊  မူစယ်၊ နမ့်ခမ်းတို့တွင်လည်း အသီးသီး ဖွင့်လှစ်ခဲ့ကြသည်။ သင်တန်းကာလ အနည်းဆုံး ၁ လ မှ ၆ လ အထိ ရှိကြောင်း သိရသည်။