အစိုးရနှင့် SSPP တို့ တိုက်ပွဲပြင်းထန်မှု ရပ်တန့်ရန် သမ္မတထံ ရှမ်းအဖွဲ့များစာပို့မည်

အစိုးရနှင့် SSPP တို့ တိုက်ပွဲပြင်းထန်မှု ရပ်တန့်ရန် သမ္မတထံ ရှမ်းအဖွဲ့များစာပို့မည်
by -
မဇ္စျိမ

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အစိုးရတပ်တို့ တိုက်ပွဲ ပြင်းထန်နေမှုကို ရပ်တန့်ပေးရန် သမ္မတ ဦးသိန်းစိန်ထံ အကြောင်းကြားစာ ပေးပို့မည်ဟု ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)အတွင်းရေးမှူး စိုင်းညွန့်လွင်က မဇ္စျိမကို ပြောသည်။

နှစ်ဘက်တပ်တို့ တိုက်ပွဲပြင်းထန်ချိန်တွင် ရှမ်းလက်နက်ကိုင်အဖွဲ့မျးနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Ramada Plaza Menam Riverside ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေချိန်ဖြစ်ပြီး ရှမ်းလက်နက်ကိုင် အဖွဲ့နှစ်ခုဖြစ်သည့် RCSS/SSAနှင့် SSPP/SSA နှင့် ရှမ်းပါတီနှစ်ခုဖြစ်သည့် ကျားခေါင်းပါတီ(SNLD)၊ ကျားဖြူပါတီ (SNDP)တို့ ပေါင်းကာ မေတ္တာရပ်ခံစာ ပေးပို့ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးနဲ့ပါတ်သက်လို့ အစည်းအဝေးစတဲ့နေ့မှာပဲ သမ္မတရဲ့ မိန့်ခွန်းနဲ့လွဲနေတယ်။ ရှမ်းပြည်အလယ်ပိုင်း မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့၊ အပစ်ရပ်စဲဖို့ ဆွေးနွေးပွဲ လုပ်နေတဲ့အချိန်မှာ ဒီလိုဖြစ်နေတာတော့ သိပ်မကောင်းဘူး”ဟု SNLDမှ အတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောသည်။

ယင်းစာကို အောက်တိုဘာ ၄ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှ တစ်ဆင့် သမ္မတဦးသိန်းစိန်ထံ ပေးပို့သွားမည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် တာဖာဆောင်ကျေးရွာအနီးတွင် အောက်တိုဘာ ၂ရက်နှင့် ၃ရက် တို့၌ SSPP နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ပြင်းထန်နေပြီး အစိုးရတပ်ဘက်မှ အရာရှိတစ်ဦး အပါအဝင် တပ်သား ၆ဦး ကျဆုံးခဲ့သည်။ SSPP ဘက်ကိုမူ မဇ္စျိမက အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ထို့ပြင် အောက်တိုဘာ ၃ရက် နံနက် ၁၀နာရီခွဲခန့်တွင် SSPP၏ တာဖာဆောင် တပ်စခန်းကို ဆုတ်ခွာပေးလိုက်ရပြီ ဖြစ်သည်။

ရှမ်းအဖွဲ့အစည်းများ၏ ဆွေးနွေးပွဲကို အောက်တိုဘာလ ၂ ရက်မှ ၄ ရက်ထိ ဘန်ကောက်မြို့တွင် သုံးရက်ကြာ ဆွေးနွေးခဲ့ပြီး ရှမ်းနိုင်ငံရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ အချင်းချင်း နားလည်မှု ရရှိရန် တွေ့ဆုံခြင်း ဖြစ်သည်ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

ပထမနေ့ အစည်းအဝေး၌ UWPC မှ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း တက်ရောက်၍ အမှာစကားပြောခဲ့ပြီး လက်ရှိနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်ဟု ဆိုသည်။

ထိုအစည်းအဝေးပွဲသို့ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ SNDP ပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း၊ ဒုဥက္ကဋ္ဌ စိုင်းဆောင်စီတို့ တက်ရောက်နေပြီး RCSS/SSA မှ ဗိုလ်ချုပ်ကြီး ရွက်ဆစ်၊ SSPP/SSA မှ နာယက ဗိုလ်ချုပ် ဆေထင်နှင့် စိန်ကျော့ပြည်သူ့စစ်တပ်ဖွဲ့မှ ဒုဥက္ကဌ ကိုစိုင်ဖ တို့ အပါအဝင် ၂၀ ကျော် တက်ရောက် ဆွေးနွေးနေသည်ဟု သိရသည်။