ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဦးဆောင်ပြုလုပ်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မီးရှို့ဖျက်ဆီးသော အခမ်းအနားနှင့် မူးယစ်တိုက်ဖျက်ရေးအတွက် ဆန္ဒပြပွဲသို့ တက်ရောက်ခဲ့သော ကျေးရွာသားများကို စက်တင်ဘာ ၃၀ ရက်တွင် စစ်တပ်က စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု KIO အရာရှိတစ်ဦးက ပြောသည်။
စက်တင်ဘာ ၃၀ရက်က တာမိုးညှဲဘက်မှ အစိုးရစစ်ကြောင်း ဝင်ရောက်လာပြီး ဟိုဖျက်ကျေးရွာ၊ ဂျာကြိုင်ယန် ကျေးရွာများမှ ရွာလူကြီးနှင့် ရွာသားများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခဲ့သူ KIO အရာရှိက မဇ္စျိမကို ပြောသည်။
“ဟိုဖျက်အုပ်ချုပ်ရေးမှူးကို ဗျူဟာမှူး မေးမြန်းပြီး ခြိမ်းခြောက်ပြောဆိုတာ ရှိတယ်။ ရွာသားတွေကိုတော့ ခလရ ၂၉၀၊ ၂၄၁၊ ၂၀၂ စစ်တပ်ဖွဲ့က လာပြီးမေးမြန်းတာတွေ ရှိတယ်”ဟု ရှမ်းပြည်မြောက်ပိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီမှ အဖွဲ့ဝင် ဦးဇော်ဘာက မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်က ရှမ်းပြည်မြောက်ပိုင်း KIO၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ ဒေသ ကွတ်ခိုင်မြို့နယ် ဟိုဖျက်ကျေးရွာအနီးတွင် ကေအိုင်အိုက ဖမ်းဆီးရမည့်သော ဘိန်းဖြူ ၂၆ ကီလို၊ ဘိန်းမဲ ၁၃ ပိဿာကျော်နှင့် ရာမ ဆေးပြား ၆ သောင်းကျော် ကို မီးရှုံ့ဖျက်ဆီးသော အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ သည်။
ယင်းအခမ်းအနားတွင် ဟိုဖျက်ကျေးရွာ၊ ဂျာကြိုင်ယန် အပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်မှ ရွာသား ၈၀၀ ခန့် တက်ရောက်ခဲ့သည်။
“ဘာကြောင့် ကေအိုင်အိုက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်တာလဲ။ မင်းတို့ ဘာကြောင့် သွားတာလဲ။ ဒီအခမ်းအနားမှာ ကေအိုင်အိုက ဘာတွေပြောသွားသလဲဆိုတာတွေ မေးတယ်။ မူးယစ်ဆေးဝါး မီးရှို့တဲ့နေရာမှာ ရွာသားတွေ ဘာကြောင့် ပါဝင်တာလဲ။ ဘယ်သူတွေ ပါသလဲ” ဟု ရွာသားများမှတစ်ဆင့် သတင်းပေးပို့လာ သည်ဟု ၎င်းအရာရှိက မဇ္စျိမကို ပြောသည်။
အဆိုပါ စစ်ကြောင်းမှာ တာမိုးညှဲဘက်မှ ရောက်ရှိလာသော စစ်ကြောင်းဖြစ်သော်လည်း မည်သည့် တပ်ရင်း ဖြစ်သည်ကိုမူ မသိရသေးဟု ဆိုသည်။
စက်တင်ဘာ ၂၉ရက်ကလည်း ခရစ်ယာန်ဂိုဏ်းနှစ်ဂိုဏ်းက ဦးဆောင်ကာ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ရည်ရွယ်၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်း ဆန္ဒခဲ့သည်။