ပြည်နယ်နှင့် တိုင်းဒေသအသီးသီးမှ လူငယ်အဖွဲ့များ ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသားလူငယ်များဖိုရမ် (United Nationalities Youth Forum) ကျင်းပရန် အောက်တိုဘာလ ၁ ရက်က တိုင်းရင်းသား လူငယ်များ နှီးနှောဖလှယ်ပွဲတွင် ဆုံးဖြတ်လိုက်သည်။
မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်တွင် စက်တင်ဘာလ ၂၉ ရက်က စတင်ကာ ပြည်နယ်နှင့် တိုင်းဒေသ အသီးသီးမှ လူငယ်အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ၊ ကျောင်းသားသမဂ္ဂအဖွဲ့များ၊ နိုင်ငံရေး ပါတီများမှ လူငယ်များ၊ လူထုအခြေပြု အဖွဲ့အစည်းများ စသည့် အဖွဲ့အစည်းပေါင်း (၃၁) ဖွဲ့မှ ကိုယ်စားလှယ် စုစုပေါင်း ၁၀၇ ဦး တက်ရောက်သည့် သုံးရက်တာ နှီးနှောဖလှယ်ပွဲအပြီးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီ မိမရက်မူ က “ (တိုင်းရင်းသား လူငယ်များ ဖိုရမ်အတွက်) လုပ်ငန်း ကော်မတီကို လာမယ့်လ အစည်းအဝေးမှာပဲ ဖွဲ့စည်းသွားမယ်။ လောလောဆယ် ကျွန်မတို့ MYPO (တိုးတက် သော မွန်လူငယ်များ အစည်းအရုံး) ကပဲ ဦးဆောင်ပြီး မွန်ပြည်နယ်မှာပဲ လုပ်သွားဖို့ ဆုံးဖြတ်ထားတယ်။ နေရာကတော့ မသတ်မှတ်ရသေးဘူး” ဟု ပြောသည်။
လာမည့်နိုဝင်ဘာလဆန်းတွင် ပြုလုပ်မည့် ပထမအကြိမ် တွေ့ဆုံပွဲ၌ ဖိုရမ်အတွက် လုပ်ငန်းကော်မတီ ဖွဲ့စည်း မည်ဖြစ်ပြီး လူငယ်နှင့် ပညာရေးကဏ္ဍ၊ မိခင်ဘာသာစကားဖြင့် သင်ကြားမှု၊ လူငယ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် လုပ်ငန်းစဉ်တို့ကို ဦးစားပေး အကောင်အထည်ဖော်ရန် အတွက်လည်း နှီးနှောဖလှယ်ပွဲတွင် ဆုံးဖြတ်ခဲ့ကြသည်။
တိုင်းရင်းသား လူငယ်များ နှီးနှောဖလှယ်ပွဲတွင် လက်ရှိ မြန်မာ့ပြည်တွင်းရေးရာကိစ္စ၊ တိုင်းရင်းသားရေးရာ၊ လူငယ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူငယ်နှင့် ပညာရေးကဏ္ဍ စသည်တို့ကို ဆွေးနွေးခဲ့သည်။